ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဒုတိယအကြိမ် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် ဇူလိုင် ၄

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ဒုတိယအကြိမ် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ က အမျိုးသားအဆင့် ရေမူဝါဒနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ပေးပို့သည့် ရေဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် တိုးတက်မှု အခြေအနေတို့ကို ကော်မတီအတွင်းရေးမှူးက လစဉ် စုစည်း၍ တိုးတက်မှုအခြေအနေများကို ပြုစုတင်ပြလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အင်းလေးကန် ရေရှည် တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေထိန်းသိမ်းရေးလုပ်ငန်းများ တိုးတက်လာရန် လိုအပ်လျက်ရှိပြီး ဆည်ရေလှောင်တမံများ၏ ရေဝေရေလဲ ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် ရေဝေရေလဲ သစ်တောစိုက်ခင်းများ၏ လုပ်ငန်း တိုးတက်အောင်မြင်ရန် အရေးတကြီး လိုအပ်လျက် ရှိပါကြောင်း။

ထို့ပြင် မြစ်များ၏ အရည်အသွေး တိုင်းတာစစ်ဆေးခြင်းနှင့် ညစ်ညမ်းစ ပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အဆိုပါလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ Focal Point အဖြစ် Asia Pacific Water Forum နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများအလိုက် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ဆက်နွယ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများရှိကြပြီး မိမိတို့လုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများ အကြား ဝိုင်းဝန်းညှိနှိုင်း၍ အားနည်းချက် အားသာချက်များကိုစိစစ်ပြီး မိမိတို့နိုင်ငံအတွက် ထိရောက် အကျိုး ရှိစေမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် နိုင်ငံတကာနှင့် ရေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေရေး၊ ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ဆက်နွယ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း။

 အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ ကြီးမှုးဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် ရေမူဝါဒနှင့် ဆက်နွယ်သည့်လုပ်ငန်းများနှင့် မိုးရေခံလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ရေး၊ ရေကြီး ရေလျှံမှု လျော့ပါး သက်သာရေး၊ ရေဥပဒေပြုစုရေး၊ ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးတို့နှင့် ဆက်နွယ်သည့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပံ့ပိုးကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လန်ချန်း - မဲခေါင်မြစ် ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအကြား မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို  အဓိကလုပ်ငန်းနယ်ပယ် (၅)ခုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှု ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ အတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ပါကြောင်း။

မဲခေါင် - လန်ချန်း ဒေသတွင်း နိုင်ငံများအကြား အခြေခံအဆောက်အဦ၊ နည်းပညာ နှင့် စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အထူးရန်ပုံငွေမှ အထောက်အပံ့ ရယူ ဆောင်ရွက်လိုသည့် ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် (၅)နှစ်အတွင်း မြန်မာနိုင်ငံဘက်မှ မိမိနိုင်ငံ အတွင်းနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒုတိယခြောက်လပတ်အတွင်း ရေးဆွဲပေးပို့ရန် ညှိနှိုင်းထားပါကြောင်း။

 အလားတူ Connectivity Joint Working Group နှင့် ပတ်သက်သည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များနှင့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း အဆိုပြု လုပ်ငန်းအစီအစဉ်များကို ၂၀၁၇ ခုနှစ်အကုန်တွင် ပြုစုပေးပို့ရမည်ဖြစ်ပါကြောင်း။ ထို့ကြောင့်  သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အထောက် အပံ့ဖြင့် ဆောင်ရွက်လိုသည့် မိမိတို့ နိုင်ငံနှင့် သက်ဆိုင်သည့် အသေးစားနှင့် အလတ်စား စီမံကိန်းလုပ်ငန်း အဆိုပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများမှ တောင်းခံသွားမည်ဖြစ်ပြီး မိမိတို့ နိုင်ငံအတွင်းနှင့် အခြားဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် လုပ်ငန်း အဆိုပြုချက် များအား ပြုစုပေးပို့ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။

ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မတီ၏ ရှေ့ လုပ်ငန်းစဉ်များ ချမှတ်ရေးနှင့်ပတ်သက်၍ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသားမိုးရေခံသိုလှောင်ရေးလှုပ်ရှားမှု၊ ရေဥပဒေပြုစုရေး၊ ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်း ကျင်နှင့် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ မြစ်ရေအရည်အသွေး တိုင်းတာခြင်းနှင့် သန့်စင်ရန် နည်းလမ်းရှာဖွေခြင်း လုပ်ငန်းများ၊ ဝန်ကြီးဌာန အဖွဲ့အစည်းအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ စီမံကိန်း လျာထားချက်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် နေသည့် လုပ်ငန်းများအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရေနှင့် ဆက်နွယ်သည့် ဘက်စုံစီမံကိန်း လုပ်ငန်းများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များသည် ဝန်ကြီးဌာန အများစုနှင့် သက်ဆိုင်နေသည့်အတွက် ရှေ့ဆက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများသည် တာဝန်ခံဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများမှလည်း ဆက်လက်ပြီး အပြန်အလှန်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသန့်စင်မောင်၊ ဦးကျော်ဝင်း၊ ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ၏ဦးတည်ချက်ဖြစ်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရန်နှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အတူတကွ ဝိုင်းဝန်း ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)