ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်လ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊ ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် တဲဟုန်ပြည်နယ်မြို့တော်မန်စီနှင့် မန္တလေးခရီးစဉ်အား Ruili Airline က တစ်ပတ် (၄) ကြိမ်ပြေးဆွဲမှု၊  မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်- မန္တလေး- မန်စီ- မန္တလေး- ရန်ကုန် ခရီးစဉ်အား တစ်ပတ်(၃)ကြိမ် ပြေးဆွဲမှုများအပြင် အလားအလာရှိသော မြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေး၊ တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက်ပြီးစီးမည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မြန်မာ နိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့်ချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေ ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေးကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန