ဆက်သွယ်ရေးအခြေခံအဆောက်အဦ၊ တာဝါတိုင်နှင့် ဆက်သွယ်ရေးကြိုး ဖိုင်ဘာကေဘယ်များ တည်ဆောက်တပ်ဆင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

 

၁။      ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ၊ တာဝါတိုင်နှင့် ဆက်သွယ်ရေးကြိုး၊ ဖိုင်ဘာကေဘယ်ကြိုးများ စနစ်တကျတည်ဆောက်တပ်ဆင်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦ၊ တာဝါတိုင်နှင့် ဆက်သွယ်ရေးကြိုး ဖိုင်ဘာကေဘယ်များ စနစ်တကျ တည်ဆောက်တပ်ဆင်နိုင်ရေးအတွက် တင်ဒါခေါ်ယူဆောင်ရွက်မည့် အခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း တင်ဒါစည်းကမ်းချက်(မူကြမ်း)များ ပြုစုထားရှိမှု အခြေအနေကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ ပါသည်။

၂။      ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦ၊ တာဝါတိုင်နှင့် ဆက်သွယ်ရေးကြိုး ဖိုင်ဘာကေဘယ်များ တည်ဆောက်တပ်ဆင်ခြင်းနှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ခေတ္တဌာနမှူး ဦးလင်းခိုင်မှ ဆက်သွယ်ရေးအခြေခံအဆောက်အဦ၊ တာဝါတိုင်နှင့် ဆက်သွယ်ရေးကြိုး ဖိုင်ဘာကေဘယ်များ စနစ်တကျတည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက်ရန် လုပ်ကိုင်ရခြင်းနှင့်စပ်လျဉ်း၍  ထပ်မံရှင်းလင်းပြောကြားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးနေလင်းထွန်းမှ Cat; 2 (Smart Pole & Mono Pole ) နှင့် Cat; 3 (Last Mile Pole) တင်ဒါစည်းကမ်းချက် မူကြမ်းများပြုစုထားရှိမှုအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

၃။      ထို့နောက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှ တာဝန်ရှိသူများက Cat; 2 (Smart Pole & Mono Pole ) နှင့် Cat; 3 (Last Mile Pole) တင်ဒါ စည်းကမ်းချက်များအပေါ် မိမိတို့ထည့်သွင်းလိုသည့် စည်းကမ်းချက်များအား ဆွေးနွေးတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်မှ  လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး၍ အခြေခံအဆောက်အဦများ စနစ်တကျတည်ဆောက်ရန်လိုအပ်သည့် Cat; 2 (Smart Pole & Mono Pole) နှင့် Cat; 3 (Last Mile Pole) တင်ဒါစည်းကမ်းချက်များ အချောသတ်(အပြီးသတ်) ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များ၊ ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ ပါသည်။

၄။      အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ၊ တာဝါတိုင်နှင့်ဆက်သွယ်ရေးကြိုး ဖိုင်ဘာကေဘယ်များ တည်ဆောက်တပ်ဆင်ခြင်း နှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်ကိုယ်စားလှယ် စုစုပေါင်း(၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။