စီမံကိန်းဖွင့်ပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီး တက်ရောက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဂျပန်နိုင်ငံ ၏ အထောက် အပံ့ ဖြင့် ဆောင်ရွက်ခဲ့သည့် "ဆက်သွယ်‌ရေး ကွန်ရက်များ အလျှင်အမြန် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း"  (Urgent Project for Communications Networks)  ဖွင့်ပွဲ အခမ်းအနား အား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် နေ့ နံနက် (၁၁:ဝဝ) နာရီ အချိန် တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ Network Operation Center အဆောက်အဦ တွင် ကျင်းပရာ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊  ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး   မစ္စတာ မီကီအို နူမားတား၊ ဂျပန်နိုင်ငံ ဆက်သွယ်ရေး နှင့် ပြည်ထဲရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူများ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဒေသတာဝန်ခံ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများနှင့် စီမံကိန်းတွင် ပါ၀င်ဆောင်ရွက်ခဲ့ကြသည့် ဂျပန်နိုင်ငံ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ စီမံကိန်းတွင် ရန်ကုန် ~  နေပြည်တော် ~ မန္တလေး (30Gbps) Backbone Network အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် (10Gbps) Metro Network များ တည်ဆောက်ခြင်း လုပ်ငန်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ငွေဆောင် တို့တွင် High Speed Broad Band Access(LTE) စနစ် တပ်ဆင်ခြင်း လုပ်ငန်း၊ Internet Access များ လွယ်ကူ လျှင်မြန် စေရေး အတွက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် Internet Gateway အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများ ပါ၀င်ပြီး စီမံကိန်း စုစုပေါင်း တန်ဘိုးမှာ ဂျပန်ယန်းငွေ (၁.၇၁) ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ စီမံကိန်းအား ဆီးဂိမ်းမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင် ခြင်းကြောင့် ဆီးဂိမ်းကာလ အတွင်း တယ်လီဖုန်း နှင့် အင်တာနက် ဆက်သွယ်ရေးများ ပိုမိုလျှင်မြန်စွာ သုံးစွဲလာ နိုင်မည့်အပြင် မြန်မာနိုင်ငံ၏ အိုင်စီတီ ကဏ္ဍအတွက်လည်း များစွာ အထောက်အကူ ဖြစ်ကြောင်း သိရှိရပါသည်။