ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော International Civil Aviation Organization - ICAO ကကြီးမှူးကျင်းပသည့် High Level Conference on COVID-19 (HLCC 2021) ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်

 

                    အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization -ICAO)က ကြီးမှူးကျင်းပသည့် High Level Conference on COVID-19 (HLCC 2021) ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေ(၆:၃၀)နာရီတွင် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့၌ Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်ခဲ့ပါသည်။

                    ပထမဦးစွာ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်ဥက္ကဌ Mr. Salvatore Sciacchitano က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲကို “One Vision for Aviation Recovery, Resilience and Sustainability Beyond the Global Pandemic” ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံပြီး၊ စွမ်းဆောင်ရည်ရှိစွာဖြင့် ပြန်လည် တည်ထောင်နိုင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၏ ခံနိုင်ရည်ရှိမှုကိုပိုမိုကြံ့ခိုင်စေမည့် အခြေခံ အုတ်မြစ်တည်ဆောက်၍ ရေရှည်တည်တံ့စေမည့် အနာဂတ်အစီအမံများချမှတ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများ အားလုံး အတူလက်တွဲဖြေရှင်းနိုင်ရေးအတွက် ယခုအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာလေကြောင်းခရီးသွားလုပ်ငန်းအပေါ် ပြည်သူလူထု၏ ယုံကြည်မှုပိုမိုအားကောင်းလာစေရန် အတွက် နိုင်ငံအသီးသီး၏ လေကြောင်းအာဏာပိုင်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လေကြောင်းခရီးသွားလာမှု လွယ်ကူချောမွေ့စေရေး ကမ္ဘာလုံးဆိုင်ရာအပြန် အလှန်အသိအမှတ်ပြုရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်သွားရန်တို့အား တိုက်တွန်းပြော ကြားပြီး အစည်းအဝေးအစီအစဉ်များကို စတင်ခဲ့ပါသည်။

                    ဒုတိယဝန်ကြီးက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော် အစိုးရက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဉီးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်မပြတ်ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုသရေးဟူသည့် လုပ်ငန်းစဉ်(၂)ရပ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ထိခိုက်ခံစားရမှုများ၊ လေကြောင်းပို့ဆောင်ရေးသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးတက်ရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးနှင့် စီးပွားရေးအခွင့်အလမ်း များဖြစ်ထွန်းရေးအတွက် အရေးပါသည့်အလျောက် မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဉီးမော့လာ စေရေးစီမံချက် (Myanmar Economic Relief Plan-MERP)နှင့်အညီ  လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ပြန်လည်ဉီး မော့စေရေး ဆောင်ရွက်နေမှုများ၊ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ လေဆိပ်လုပ်ငန်းဆောင်ရွက်သူများ၊ လေကြောင်းကုန်စည် ဝန်ဆောင်မှု လုပ်ကိုင်သူများ၊ ပြည်တွင်းလေကြောင်းလိုင်းများ၊ နိုင်ငံတကာလေကြောင်းလိုင်းများက လိုက်နာရမည့် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှုတားဆီးကာကွယ်ရေးစည်းကမ်းချက်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေးခဲ့ပါသည်။

                    High Level Conference on COVID-19 (HLCC 2021) ကို အောက်တိုဘာ(၁၂) ရက်နေ့မှ (၂၂) ရက်နေ့အထိ Ministerial Plenary အစည်းအဝေး၊ ဘေးကင်းလုံခြုံရေး (Safety) ကဏ္ဍဆိုင်ရာ အစည်းအဝေးနှင့် လွယ်ကူချောမွေ့စေရေး (Facilitation) ကဏ္ဍဆိုင်ရာအစည်းအဝေးများကို သတ် မှတ်ထားသည့် နေ့ရက်၊ အစီအစဉ်များအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် HLCC 2021 Ministerial Plenary အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးနှင့်အတူ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန