Incident Handling – Intrusion Detection (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ ဗဟိုအစိုးရ အဖွဲ့အစည်း(၂၇)ခုမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ( ၂၈  )ဦး တက်ရောက်ခဲ့ပါသည်။ 
ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ယနေ့ခေတ်တွင် အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အဉီများကို ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှု များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် နည်းပညာမြင့် စက်ပစ္စည်းများရှိရုံဖြင့် မလုံလောက်ဘဲ နိုင်ငံဝန်ထမ်းများ၏ ဆိုက်ဘာလုံခြုံရေး အသိအမြင် ကြွယ်ဝမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်လျှော့ချနိုင်မည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ထားသော "People ၊ Process ၊ Technology" ပြည့်စုံရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကို လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ နှင့် ကျွမ်းကျင်မှုများ တိုးပွားသည်ထက် တိုးပွားစေရန်၊ စီမံခန့်ခွဲမှုပညာရပ်များသာမက ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများ ကိုပါ ကာကွယ်လျှောချနိုင်မည့် လုပ်ငန်းစဉ်တွင် အထောက်အကူ ပြုနိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Incident Handling – Intrusion Detection သင်တန်းကာလမှာ (၂၅.၇.၂၀၂၂)ရက်နေ့မှ (၂၉.၇.၂၀၂၂)ရက်နေ့အထိဖြစ်ပြီး e-Learning Center I စာသင်ခန်းမတွင် ပို့ချမည်ဖြစ်ပြီး အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လာရောက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။