ရန်ကုန်-ပြည်ရထားလမ်းရှိ မှော်ဘီမြို့နယ်အနီးနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ သင်္ဃန်းကျွန်းမြို့နယ်အနီး၌ မသမာသူအကြမ်းဖက်သမားများမှ သံလမ်းများဖြုတ်ထားမှုဖြစ်ပွား

နေပြည်တော်၊ မတ် ၁၉

ရန်ကုန်-ပြည် ရထားလမ်းပိုင်းရှိ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ မေလ (၁၄) ရက်နေ့တွင် လှော်ကား ဘူတာနှင့် မှော်ဘီ ဘူတာကြား မိုင်တိုင် ၁၈/ ၁၄-၁၅ အတွင်းရှိ (၃၉)ပေ အရှည် သံလမ်း တစ်ချောင်းအား မသမာသူများမှ ဖြုတ်၍ ဖယ်ရှား ထားကြောင်း သိရှိရသဖြင့် အငယ်တန်း အင်ဂျင်နီယာ(၃) သံလမ်းနှင့် ဝန်ထမ်းအင်အား (၆)ဦး တို့ဖြင့် သွားရောက် ပြုပြင်ခဲ့ရာ မတ်လ(၁၄)ရက်နေ့ နံနက် (၁၀) နာရီ တွင် ပြုပြင် ပြီးစီးခဲ့ ပါသည်။

လှော်ကားဘူတာနှင့် မှော်ဘီဘူတာကြား မိုင်တိုင် ၁၈/၁၄-၁၅ အတွင်းရှိ (၃၉)ပေအရှည် သံလမ်း တစ်ချောင်းအား မသမာသူများက ဖြုတ်၍ ဖယ်ရှားထားပုံ

လှော်ကားဘူတာနှင့် မှော်ဘီဘူတာကြား မိုင်တိုင် ၁၈/၁၄-၁၅ အတွင်းရှိ (၃၉)ပေအရှည် သံလမ်း တစ်ချောင်းအား မသမာသူများက ဖြုတ်၍ ဖယ်ရှားထားပုံ

ထို့နည်းတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သင်္ဃန်းကျွန်း မြို့နယ်အနီး၌ မတ်လ (၁၇) ရက်နေ့ နံနက် (၁၀)နာရီတွင် မသမာသူ အကြမ်းဖက်သမား များမှ သံလမ်းများ ဖြုတ်ယူမှု ဖြစ်ပွား ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် မတ်လ (၁၇) ရက်နေ့ နံနက် (၁၀:၂၀) နာရီ အချိန်ခန့်တွင် Honda Fit အနက် ရောင်၊ ယာဉ်အမှတ် YGN 2F-3959 ဖြင့် သင်္ဃန်းကျွန်း မြို့နယ်၊ (က) ရပ်ကွက် ဘက်မှ စီးနင်း လာသော မသမာသူ လူ(၅)ဦးသည် ဆယ်ပေါင် တူများနှင့် ဂွများနှင့် အတူ (ခ)ရပ်ကွက်၊ ဇဝန ဘက်ခြမ်းမှ ခြေလျင် လျှောက်လာသော မသမာသူ လူ(၅)ဦး၊ စုစုပေါင်း (၁၀)ဦး တို့သည် သင်္ဃန်းကျွန်း မြို့နယ်၊ အဝေရာလမ်း ရထား လမ်းဆုံ Level Crossing အနီးတွင် ကြိုတင် ချိန်းဆို တွေ့ဆုံ ပြီးနောက် အဆိုပါ နေရာအနီးရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းအား ဖြုတ်သွား ခဲ့ကြောင်း နေ့လယ်(၂:၃၀)နာရီတွင် သိရှိရပါသည်။

 

ရထားသံလမ်း ဖျက်ဆီးသည့်သူများ စီးနင်းလာသည့် မော်တော်ယာဉ်ပုံ

ရထားသံလမ်း ဖျက်ဆီးသည့်သူများ စီးနင်းလာသည့် မော်တော်ယာဉ်ပုံ

 

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ညနေ (၃)နာရီတွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူ များနှင့်အတူ ရထား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များမှ သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး ရထားလမ်း၊ နှင်းဆီကုန်း-သင်္ဃန်းကျွန်း ဘူတာကြား မိုင်တိုင် အမှတ်(၄/၂၀) နေရာတွင် အဆန် ရထားလမ်း (၃၉)ပေ အရှည် ရထား သံလမ်း တစ်ဆက် ဖြုတ်ထားခြင်း၊ အစုန် ရထားလမ်း (၃၉)ပေ အရှည် ရထား သံလမ်း တစ်ဆက် ကွန်ကရစ် ဇလီဖားတုံးမှ သံလမ်းထိန်း ကလစ် ဖြုတ်ထားခြင်း တို့ကို စစ်ဆေးတွေ့ရှိရ ပါသည်။

အထက် ဖော်ပြပါ ရထားလမ်း ပျက်စီးမှု များအား ပြုပြင်ရန် အတွက် သင်္ဃန်းကျွန်း မြို့နယ်၊ မိုင်တိုင် အမှတ် (၄/၃-၄)တွင် မြန်မာ့ မီးရထားမှ တိုင်းတာဝန်ခံ ဦးစီး၍ အငယ်တန်း အင်ဂျင်နီယာ(၁)နှင့် သံလမ်း ပြုပြင်ရေး လုပ်သား (၁၅)ဦး တို့မှ ရထားရဲ တပ်ဖွဲ့ဝင်များ လုံခြုံရေး လိုက်ပါပြီး မတ်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၄၅) နာရီ တွင် ပြုပြင် ပြီးစီးခဲ့ ပါသည်။ ရထားလမ်း၊ သံလမ်း ပျက်စီးမှုနှင့် ပတ်သက်၍ မတ်လ (၁၇) ရက်နေ့တွင် သင်္ဃန်းကျွန်း ရဲစခန်း၌ (ပ) (၁/၂၀၂၁) ရထား ပို့ဆောင်ရေး ဥပဒေ ပုဒ်မ (၈၄) ဖြင့် အမှု ဖွင့်လှစ် ထားရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာ့မီးရထား