ရန်ကုန်မြို့ပတ်ရထား အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် ခရီးစဉ်ပြေးဆွဲမှုဆောင်ရွက်ခြင်း

နေပြည်တော် မတ် ၂၈

မြန်မာ့မီးရထားတွင် ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ ပြေးဆွဲခြင်း တတိယနေ့ခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင်ပြေးဆွဲခဲ့ရာ  အင်းစိန် ဘူတာမှ လူစီးတွဲ ()တွဲပါ RBE ရထားတွဲဆိုင်းကို  လက်ဝဲရစ်လမ်းကြောင်းအတိုင်း နံနက် (၀၈:၃၅) နာရီမှ စတင် ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍  ရန်ကုန်ဘူတာကြီးသို့ နံနက် (၁၁:၄၀) နာရီတွင် ဆိုက်ရောက်ခဲ့ပါသည်။

အဆိုပါ မြို့ပတ်ရထားတွဲဆိုင်းသည် ရန်ကုန်ဘူတာကြီးမှ နံနက် (၁၂:၄၀)နာရီတွင် ဆက်လက် ထွက်ခွါခဲ့ပြီး ဘူတာစဉ် ဖြတ်သန်းပြီးနောက် မင်္ဂလာဒုံဘူတာသို့ (၁၃:၃၀)နာရီ ရောက်ရှိ၍ ဆက်လက် ထွက်ခွါရာ အင်းစိန်ဘူတာသို့ (၁၄:၀၀)နာရီတွင်ပြန်လည် ဆိုက်ရောက်ခဲ့ပါသည်။

ဤသို့ရထားပြေးဆွဲမှုဆောင်ရွက်စဉ်အတွင်း ကြို့ကုန်းဘူတာ နှင့် သမိုင်းမြို့သစ်ကြား မိုင်တိုင် ၇/၂၁-၂၂တွင် ရထားလမ်းပေါ်တွင် သစ်တုံး ၊ သဲအိတ် ၊ သံလမ်းတို့ဖြင့်ပိတ်ဆို့ထားခြင်း ၊ သံလမ်းအရှည်ဖြင့် သံလမ်းပေါ် ကန့်လန့်ဖြတ်ပိတ်ဆို့ထားခြင်း ၊ သမိုင်းမြို့သစ်နှင့်သမိုင်းဘူတာကြား အဆန်လမ်း၌ သစ်တုံး(၁)တုံးအစုန်လမ်း၌သစ်တုံး(၁)တုံး ကန့်လန့်ဖြတ်တင်ထားခြင်းနှင့်သံလမ်း ထိန်းကလစ် ၂၅၀ ခန့်ဖြုတ်ထားခြင်း ၊ ကမာရွတ်ဘူတာ လမ်းကားလမ်းကူးတွင် တာယာဟောင်း မီးရှို့၍ကားလမ်းကူးပိတ်ဆို့ထားခြင်း ၊ သံလမ်းထိန်းကလစ် ၄၀၀ ခန့်ဖြုတ်ထားခြင်း၊ သံလမ်း အဆက်ပါဖြုတ်၍ သံလမ်းအဆက်နေရာဟထားခြင်းတို့ကြောင့် တပ်မတော်သားများ၊ ရထားရဲ တပ်ဖွဲ့ဝင်များ၊ ဒေသခံတာဝန်သိပြည်သူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီးနောက်  ရထားသည်ခရီးဆုံးဘူတာသို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါသည်။

မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပတ်ရထားခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသဖြင့် မိဘပြည်သူများ ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းကြောင်း သတင်း ရရှိပါသည်။

မြန်မာ့မီးရထား