ရန်ကုန်မြို့ပတ်ရထား အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် ခရီးစဉ်ပြေးဆွဲမှုဆောင်ရွက်ခြင်း

နေပြည်တော် မတ် ၂၄

မြန်မာ့မီးရထားတွင် ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ ပြေးဆွဲခြင်းလုပ်ငန်းအား  အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင်  အင်းစိန်ဘူတာမှ လူစီးတွဲ ()တွဲပါ RBE ရထားတွဲဆိုင်းကို  လက်ဝဲရစ်လမ်းကြောင်းအတိုင်း နံနက် (၀၈:၃၅)နာရီမှ စတင်ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍  ရန်ကုန်ဘူတာကြီးသို့ နံနက် (၀၉:၅၀) နာရီတွင် ဆိုက်ရောက်ခဲ့ပါသည်။

အဆိုပါ မြို့ပတ်ရထားတွဲဆိုင်းသည် ရန်ကုန်ဘူတာကြီးမှ နံနက် (၀၉:၅၅)နာရီတွင် ဆက်လက် ထွက်ခွါခဲ့ပြီး ဘူတာစဉ် ဖြတ်သန်းပြီးနောက် မင်္ဂလာဒုံဘူတာသို့ (၁၁:၀၅)နာရီ ရောက်ရှိ၍ ဆက်လက် ထွက်ခွါရာ အင်းစိန်ဘူတာသို့ (၁၁:၅၀)နာရီတွင်ပြန်လည် ဆိုက်ရောက်ခဲ့ ပါသည်။

ဤသို့ ရထားပြန်လည်ပြေးဆွဲမှုဆောင်ရွက်စဉ်အတွင်း  ကြို့ကုန်းဘူတာနှင့် သမိုင်းမြို့သစ် ဘူတာကြား၊ သမိုင်းမြို့သစ်ဘူတာနှင့်သမိုင်းဘူတာကြား၊ ကမာရွတ်ဘူတာနှင့် လှည်းတန်း ဘူတာကြား၊ ကမာရွတ်ဘူတာလမ်းကူး၊ ရွာမကျောင်းလမ်းဘူတာလမ်းကူး၊ ပုရွက်ဆိတ်ကုန်း ဘူတာနှင့် ဥက္ကလာပဘူတာကြား၊ အင်းစိန် DRC စက်ခေါင်းရုံဝင်းအတွင်းတို့တွင် ရထား ပြေးဆွဲမှုကို အန္တရာယ်ဖြစ်စေနိုင်သည့် အဖျက်အမှောင့်များအဖြစ် ရထားပြေးလမ်းပေါ်သို့ ကွန်ကရစ် ဇလီဖားတုံးများ၊ ရထားသံလမ်းဟောင်းများ ကန့်လန့်ဖြတ် တင်ခြင်း၊ ကျောက်တုံး ကျောက်ခဲများ တင်ထားခြင်း၊ သစ်လုံးများ ကန့်လန့်ဖြတ် တင်ထားခြင်းနှင့် ဘရိတ် သံဆူးကြိုးများ ပိတ်ဆို့ထားခြင်း စသည်တို့ကို ကြုံတွေ့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဖယ်ရှား ရှင်းလင်း ဆောင်ရွက် ပေးခဲ့သဖြင့် ရထားသည် ခရီးဆုံးဘူတာသို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါသည်။

မသမာသူ အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက် ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြို့ပတ်ရထား ခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ် ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား