ရန်ကုန်မြို့ပတ်ရထား နေ့စဉ်ပြေးဆွဲမည်

 

နေပြည်တော် မတ် ၂၉

ရန်ကုန်မြို့နေခရီးသွားမိဘပြည်သူများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားမှ အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် လမ်းကြောင်းအတိုင်း လက်ဝဲရစ် လူစီးတွဲ(၃) တွဲပါ RBE ရထားတွဲဆိုင်းကို မတ်လ ၂၄ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။

RBE ရထားတွဲဆိုင်းသည် လက်ဝဲရစ်လမ်းကြောင်းအတိုင်း အင်းစိန်ဘူတာမှ နံနက် (၀၈:၃၀) နာရီမှ စတင်ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍  ရန်ကုန်ဘူတာကြီး ၊ မင်္ဂလာဒုံဘူတာ မှတစ်ဆင့်ဆက်လက်ထွက်ခွါရာ အင်းစိန်ဘူတာသို့ (၁၂:၀၅)နာရီတွင် ပြန်လည်ဆိုက်ရောက်ခဲ့ပါ သည်။

ဤသို့ရထားပြေးဆွဲမှုဆောင်ရွက်စဉ်အတွင်း ကြို့ကုန်းဘူတာအထွက် ဆေးဝါးစက်ရုံလမ်း Level Crossing အနီး အစုန်/အဆန်ရထားလမ်းပေါ်၌ ရထားသံလမ်းဟောင်းနှစ်ချောင်း ၊ သံလမ်းပြေး  ထော်လီအဟောင်း(၁)စီး၊ သစ်တုံးတစ်တုံးနှင့် စွန့်ပစ်အမှိုက်များပိတ်ဆို့ထားခြင်း၊ ကမာရွတ် ဘူတာရုံလမ်း Level Crossing တွင် ဂိတ်တံခါးမောင်းတံ သံပိုက်(၂)ချောင်းကိုကွေး၍ ဖျက်ဆီး ထားခြင်း၊ရထားသံလမ်းဆက်တစ်ခုဖြုတ်ထားခြင်းနှင့် ကားတာယာအဟောင်း၊ အမှိုက်များစုပုံမီးရှို့ ထားခြင်း၊ ကြည့်မြင့်တိုင်ဘူတာယာဒ်ဝင်းထိပ် အဆန်လမ်းပေါ်တွင် ကားတာယာအဟောင်း နှင့် ပစ္စည်းများစုပုံမီးရှို့ထားခြင်းကြောင့် လမ်းခွဲပွိုင့်အောက်ရှိ သစ်သားဇလီဖား(၅)တုံး ထိပ်ပိုင်း မီးလောင်နေသဖြင့် မီးငြိမ်းသတ်ခဲ့ရခြင်းများကြောင့် တပ်မတော်သားများ၊ ရထားရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံတာဝန်သိပြည်သူများနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး နောက်  ရထားသည်ခရီးဆုံးဘူတာသို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါသည်။

မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပတ်ရထားခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသဖြင့် မိဘပြည်သူများ ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းကြောင်း သတင်း ရရှိပါသည်။

မြန်မာ့မီးရထား