ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိ‌လောင်းဒီပလိုမာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ သွားရောက် ကြည့်ရှု စစ်ဆေးခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၁၆) ရက်

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိလောင်းဒီပလိုမာ သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားကို ယနေ့ နံနက် (၀၇၃၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၊ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဝန်ကြီးဌာန အကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ကျောင်းဆင်းတပ်ခွဲမှ အလေးပြုပြီး စစ်ရေးပြ စစ်ကြောင်းပုံဖြင့်  ချီတက် အလေးပြုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာ သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့ကြသော စံပြအရာရှိလောင်း(ရေကြောင်း)ဆုရ အရာရှိလောင်း သုတစိုး၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ)ဆုရ အရာရှိလောင်း ဟန်မင်းလတ်၊ ကုန်သွယ်ရေကြောင်း အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း အားမာန်ဦးနှင့် အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း စွမ်းထက်အောင်တို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်ရဲ့ ရေကြောင်းဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ကုန်သွယ်ရေကြောင်း အရာရှိလောင်းများ ကို အားသစ်လောင်းကာ မွေးထုတ်ပေးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုဆိုရင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ဟာ သက်တမ်းအားဖြင့် ရွှေရတု နှစ်(၅၀) ပြည့်ခဲ့ပြီး စတင် တည်ထောင်ချိန်မှ ရွှေရတုကာလအထိ နိုင်ငံတော်အတွက် လိုအပ်တဲ့ ရေကြောင်းပညာ မျိုးဆက်သစ် တွေကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ်ပေးခဲ့တဲ့ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ရေကြောင်း ဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီး တစ်ကျောင်း ဖြစ်ပါကြောင်းခေတ်အဆက်ဆက် ကျောင်းဆင်း အရာရှိများအနေဖြင့် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ကျရာတာဝန်များကို ထမ်းဆောင် လျက် ရှိသကဲ့သို့ ဝန်ကြီးဌာနမှာရှိတဲ့ ရေကြောင်းဘက်ဆိုင်ရာကဏ္ဍများကို တာဝန်ယူ ဆောင်ရွက် နေကြတဲ့ ဌာနများတွင်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် သင်တန်းဆင်း အရာရှိလောင်းများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် နိုင်ငံခြားသင်္ဘော ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုပြီး ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိတဲ့အတွက် ကျောင်းဆင်းအရာရှိလောင်းများအားလုံး ရာနှုန်းပြည့် အလုပ်အကိုင် ရရှိလျက် ရှိပါကြောင်း၊ ရေ‌ကြောင်းကုန်သွယ်ရေးကဏ္ဍဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဓိက အထောက်အကူပြုတဲ့ ကဏ္ဍဖြစ်ကြောင်း၊ ရေကြောင်းသွားလာရေး လုပ်ငန်းများ အတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးရာမှာ အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များ ဖြစ်အောင် လေ့ကျင့် မွေးထုတ်ပေးလျက် ရှိကြောင်း၊ ကျောင်းဆင်း အရာရှိလောင်းများအနေဖြင့် ကုန်သွယ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ် ကောင်းမွန်အောင် ဆောင်ရွက်ကြဖို့ အလေးထား တိုက်တွန်း မှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန် ထက်မြက်တဲ့ နိုင်ငံသားကောင်း မျိုးဆက်သစ် ရေကြောင်းလူငယ်များ ဖြစ်အောင် ကြိုးစားကြရန်၊ မိမိနဲ့ သက်ဆိုင်တဲ့ ပညာရပ်များကိုလည်း ခေတ်နဲ့အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ် လေ့လာ သင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရေး ကြိုးစား ဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းမှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာသော ဧည့်သည်တော်များ၊ ကျောင်းဆင်းအရာရှိလောင်းများ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

          မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကို ၁၉၆၃ ခုနှစ်တွင် ဆိပ်ကြီး၊ သန်လျင် ရေတပ်လေ့ကျင့်ရေးကျောင်း၌ ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး၊ စတင်တည်ထောင်ချိန်မှ ယနေ့အထိ ရေကြောင်းပညာ အရာရှိလောင်း (၂၇၃၄)ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း (၂၇၇၉)ဦး၊ စုစုပေါင်း အရာရှိလောင်း (၅၅၁၃) ဦးကို လေ့ကျင့် ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရှင်းလင်းဆောင်ခန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်တည်ဆောက် ပြုပြင်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်လွန်းတင် ပြင်ဆင်နေမှုနှင့် လွန်းကျင်း အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခြင်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဝန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိရာ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့် စက်ရုံမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။

          ထို့နောက် မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး က စက်ခေါင်းစက်ရုံ(အင်းစိန်)၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်မှု အခြေအနေနှင့် အင်းစိန် မီးရထားဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထားစက်ခေါင်းများ ပြင်ဆင်ရာတွင် သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်၊ စက်ရုံရှိ အလုပ်ရုံများအလိုက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စက်ခေါင်းစက်ရုံ(အင်းစိန်)၏ စက်ရုံတွင်း လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန် မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အင်းစိန် မီးရထားဆေးရုံသို့ ရောက်ရှိရာ ဆေးရုံမှ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပြီး ဆေးရုံ ဧည့်ခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားပြီး ဆေးရုံအဆောက်အဦအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး စက်ရုံဝင်းအတွင်းရှိ ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းသစ်များအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တွဲဆိုင်းပါ စက်ခေါင်း၊ တွဲ အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တွဲဆိုင်းပါ စက်ခေါင်းနှင့် တွဲများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန