ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာမီးရထားမှ မန္တလေး-နေပြည်တော်-ရွာသာကြီး အမှတ် (၉၂၄)အစုန် ကုန်သေတ္တာတင်ရထားခရီးစဉ်ပြေးဆွဲခြင်း

နေပြည်တော်၊ မတ် ၁၉

လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်း၏ ပို့ဆောင်ရေး ကဏ္ဍတွင် မြန်မာ့မီးရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာ များများသယ်ယူ ပို့ဆောင်ပေးနိုင်သဖြင့် မဖြစ်မနေ ပြေးဆွဲ ပေးရမည့် လုပ်ငန်းတစ်ခုပင် ဖြစ်သည်။

လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ ချောမွေ့ ဖြောင့်တန်းစွာ သွားလာနိုင်ရေးမှာ ပြည်သူများ နေ့စဉ် နှင့်အမျှ လူမှုရေး၊ စီးပွားရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပြီး နိုင်ငံတော် ဖွံဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ပြုလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူတို့ အားထား နိုင်သည့် ရထားလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်နိုင်ရေး မန္တလေး- နေပြည်တော်- ရွာသာကြီး လမ်းပိုင်း အမှတ်(၉၂၄) အစုန် ကုန်သေတ္တာတင် ရထားနှင့် RBE 25100, 25107 (၂)စီးတို့အား မတ်လ (၁၇) ရက်နေ့ နံနက် (၀၆:၃၅) နာရီတွင် မန္တလေးဘူတာကြီးမှ စတင် ပြေးဆွဲခဲ့ ပါသည်။

မန္တလေးမှ ထွက်ခွာလာသော အမှတ်(၉၂၄) အစုန် ကုန်သေတ္တာတင် ရထားသည် သာစည် ဘူတာ၌ ကုန်တွဲ (၁၉)တွဲ၊ ဘရိတ်တွဲ (၁)တွဲအား ချိတ်ဆက်ပြီး ဆက်လက်ထွက်ခွာလာရာ နေပြည်တော်သို့ ည (၉:၃၀)နာရီချိန်တွင် ရောက်ရှိ ညအိပ် အခြေပြုခဲ့သည်။ ခရီးစဉ်အတွင်း မိုင်တိုင် (၃၂၀/၁)တွင် မသမာသူ အကြမ်းဖက် သမားများမှ သံလမ်း၏သံလမ်းဆက် (၂)ခုဖြုတ်ထားခြင်း၊ ကွန်ကရစ်ဇလီဖား (၁၉)တုံး၏ သံလမ်းထိန်း ကလစ် (၃၈)ခု ဖြုတ်ထားကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့များ ဖြစ်သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြန်လည် ပြုပြင် တပ်ဆင်ခဲ့ရပါသည်။ မတ်လ (၁၈)ရက်နေ့ နံနက် (၇)နာရီတွင် နေပြည်တော်မှ ဆက်လက် ထွက်ခွာလာရာ ပြွန်တန်ဆာ ဘူတာသို့ ည (၉:၁၅)နာရီတွင် ရောက်ရှိ ညအိပ် အခြေပြု ခဲ့ပါသည်။

ထို့နောက် မတ်လ (၁၉) ရက်နေ့၊ နံနက်(၇)နာရီတွင် ပြွန်တန်ဆာဘူတာမှ ထွက်ခွာလာရာ ခရီးဆုံး နေရာဖြစ်သည့်  ရွာသာကြီး ကုန်းတွင်းဆိပ်သို့ ညနေ (၅:၁၅) နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း မသမာသူ အကြမ်းဖက်သမားများမှ ရွှေလှေနှင့် ပဲခူးဘူတာကြား၌ သံလမ်းထိန်းကလစ် (၆)ဆက်အား ဖြုတ်ထားကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့များဖြစ်သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများက ပြန်လည်ပြုပြင် တပ်ဆင်ခဲ့ရပါသည်။

ထိုကဲ့သို့သော မသမာသူ အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက် ဖျက်ဆီး မှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

မြန်မာ့မီးရထား