ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ အရာရှိ‌လောင်းဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်ခြင်းနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၅-၄-၂၀၂၃

နိုင်ငံ‌တော်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည့် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်းတပ်ခွဲအား စစ်ဆေး ပြီးနောက်  စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့်  ချီတက် အလေးပြုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိ ခဲ့ကြသော စံပြအရာရှိလောင်း (ရေကြောင်း)ဆုရ အရာရှိလောင်း သန့်လွင်အေး၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ)ဆုရ အရာရှိလောင်း မင်းခန့်၊ စံပြအရာရှိလောင်း (လျှပ်စစ်နည်းပညာ)ဆုရ အရာရှိလောင်း သာတအောင်၊ ကုန်သွယ်ရေကြောင်း အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ဘုန်းမြင့်မောင်၊ အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း နိုင်လင်း၊ လျှပ်စစ်နည်းပညာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ကျော်ဇင်မျိုးတို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သည် သက်တမ်းအားဖြင့် ရွှေရတုနှစ်(၅၀)ကျော်ခဲ့ပြီဖြစ်ရာ စတင် တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတော်အတွက် လိုအပ်သော ရေကြောင်းပညာ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လေ့ကျင့် မွေးထုတ်ပေးနေသော သမိုင်းအစဉ်အလာ ကြီးမားသည့် ရေကြောင်းဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါကြောင်းကျောင်းဆင်း အရာရှိများအနေဖြင့် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ကျရာတာဝန်များကို ထမ်းဆောင်လျက် ရှိကြသကဲ့သို့ ဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းဘက်ဆိုင်ရာ ကဏ္ဍများကို တာဝန်ယူ ဆောင်ရွက်နေကြသည့် ဌာနများတွင်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေကြပါကြောင်း၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အနေဖြင့် သင်တန်းဆင်းအရာရှိလောင်းများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်ပါ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အရာရှိလောင်းများအနေဖြင့် သင်တန်းမှ လေ့ကျင့် သင်ကြားပေးခဲ့သည်များကို အခြေခံ၍ လုပ်ငန်းခွင်များတွင် ခေတ်မီ အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာကြစေရေး ကြိုးပမ်း အားထုတ်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ စစ်ဆေးခဲ့သည့် ခရီးစဉ်တွင်  “ရေကြောင်းကုန်သွယ်ရေးကဏ္ဍသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အထောက်အကူပြုသည့် ကဏ္ဍဖြစ်ကြောင်း၊ အရည်အချင်း ပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ရေကြောင်းပညာရှင်များ ဖြစ်လာအောင် လေ့ကျင့်မွေးထုတ်ပေးရန်” မှာကြားခဲ့ပါကြောင်း၊ ကျောင်းဆင်းအရာရှိလောင်းများအနေဖြင့် ကုန်သွယ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ်ကောင်းမွန်အောင် ထိန်းသိမ်း ဆောင်ရွက်ကြဖို့ အလေးထား တိုက်တွန်း မှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန် ထက်မြက်သည့် နိုင်ငံသားကောင်း မျိုးဆက်သစ် ရေကြောင်းလူငယ်များ ဖြစ်အောင် ကြိုးစားကြရန်၊ မိမိနှင့် သက်ဆိုင်သည့် ပညာရပ်များကိုလည်း ခေတ်နဲ့အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး ကြိုးစား ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါသည်။ စစ်ရေးပြအခမ်းအနား ပြီးစီးချိန်တွင် တက်ရောက်လာသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းဆင်း အရာရှိလောင်းများ စုပေါင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ အရာရှိလောင်း(၆)ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ယခု ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၄)၌ ရေကြောင်း အရာရှိလောင်း (၂၇)ဦး၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း (၅၀)ဦး၊ ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်း (၆)ဦး စုစုပေါင်း (၈၃)ဦးတို့ တက်ရောက် အောင်မြင်ခဲ့ကြောင်း၊ စတင် ဖွင့်လှစ်ခဲ့သည့်  ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းပညာ အရာရှိလောင်းနှင့် ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း စုစုပေါင်း (၅,၅၈၄)ဦးတို့ကို မွေးထုတ်ပေးခဲ့သည့်အပြင်၊ ပင်လယ်ပြင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအတွက် ရေကြောင်းအရာရှိ (၈၇,၃၇၉)ဦး၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိ (၂၈,၆၄၄)ဦး၊ ရေကြောင်းဘက်ဆိုင်ရာ အခြားအဆင့် သင်တန်းသား (၁၅၂,၂၁၉)ဦး၊ စုစုပေါင်း ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူ (၂၇၃,၈၂၆)ဦး လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီး ဖြစ် ကြောင်း၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ သင်တန်း ပြီးမြောက်ခဲ့သည့် အရာရှိလောင်းများအနက် ရေယာဉ်မှူးကြီး(Captain)အဆင့် (၅၆၁)ဦး၊ အင်ဂျင်နီယာမှူးကြီး (Chief Engineer)အဆင့် (၃၆၅)ဦးတို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်လျက် ရှိနေကြပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။  ရှင်းလင်းဆောင်ခန်းတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ ရေယာဉ် တည်ဆောက် ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဝင်းအတွင်း တန်ချိန်၁၂,၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှု အခြေအနေနှင့် ဌာနမှ စီစဉ် ဖွင့်လှစ် သင်ကြားပေးနေသည့် လျှပ်စစ်ဂဟေဆက် သင်တန်း လေ့ကျင့်ပေးနေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များလိုက်ပါလျှက် နေ့လယ်ပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိလာရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပါသည်။ အစည်းအဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းလုပ်ငန်းများ လျင်မြန် သွက်လက်စေရေး၊ အခွန်ငွေ တိုးမြှင့်ကောက်ခံနိုင်ရေး ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေဆိပ်ကမ်း အမှတ် (၁)၊ (၂)၊ (၃)နှင့် (၄) ဆိပ်ခံတံတားများ၏ အခြေအနေ၊ ၎င်းတံတားများတွင် ပြည်ပသင်္ဘောများ ဆိုက်ကပ်၍ ဆန်တင်ပို့ရန် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန