Royal Dutch KLM လေကြောင်းလိုင်း နှင့် သဘောတူစာချုပ် ချုပ်ဆို

မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်း လိုင်းများက လေယာဉ်ခရီးစဉ်များ တိုးမြှင့် ပျံသန်းလျက်ရှိရာ နယ်သာလန် နိုင်ငံမှ Royal Dutch KLM လေကြောင်း မှလည်း လေယာဉ် ခရီးစဉ်များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံကြား လေကြောင်း သဘောတူ စာချုပ်တစ်ရပ်ကို ရန်ကုန်မြို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

"ဒီလိုစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် မြန်မာနဲ့ နယ်သာလန် နှစ်နိုင်ငံအကြား မှာ လေကြောင်း ခရီးစဉ် ပျံသန်းမှုတွေ မကြာခင် စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ ခရီးသွား ပြည်သူတွေ အတွက် သက်သာတဲ့ လေကြောင်း ခရီးစဉ်တွေ၊ ပိုကောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့ လေကြောင်းလိုင်းတွေကို ရွေးချယ် စီးနင်းခွင့် ရရှိစေမှာ ဖြစ်ပါတယ်"ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

နှစ်နိုင်ငံအကြား လေကြောင်း သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို တွန်းအားပေးရာ ရောက်ပြီး မြန်မာနိုင်ငံ သို့ နိုင်ငံ တကာ လေကြောင်း ခရီးစဉ်များ ပိုမိုပျံသန်း ဆိုက်ရောက် ထွက်ခွာ နိုင်တော့ မည် ဖြစ်သည်။ လေကြောင်း ခရီးစဉ်များ ပျံသန်းမှုအတွက် လိုက်နာရမည့် စည်းကမ်းများ၊ ခံစားရမည့် အခွင့်အလမ်းများ စာချုပ်တွင် ထည့်သွင်းထားသည်။

လေကြောင်း သဘောတူစာချုပ်များကို ၁၉၅၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၇ ခုနှစ်တွင် တစ်ကြိမ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ယခုစာချုပ်သည် တတိယ အကြိမ်မြောက် လေကြောင်း သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးခဲ့ ကြခြင်း ဖြစ်သည်။

ယခုသဘောတူစာချုပ်အရ နယ်သာလန်နိုင်ငံမှ Royal Dutch KLM လေကြောင်းနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း၊ ရွှေမြန်မာ လေကြောင်းတို့မှ လေယာဉ်များက နှစ်နိုင်ငံအကြား တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းနိုင်မည် ဖြစ်သည်။ လေကြောင်း ခရီးစဉ်များ ပိုမို များပြားလာမည် ဖြစ်သည်။ လောလောဆယ်တွင် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်း၂၇ လိုင်း ရှိနေသည်။ မကြာမီက ထိုင်းအဲလေကြောင်းကိုလည်း ပျံသန်းခွင့်ပြုခဲ့ရာ မကြာမီ နယ်သာလန်မှ Royal Dutch KLM က ပျံသန်း ပြေးဆွဲတော့မည် ဖြစ်သည်။

သဘောတူ စာချုပ်ချုပ်ဆိုပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး H.E.Mr. Hartosh နှင့် သံအရာရှိများ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေး မှူး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊ မြန်မာ အမျိုးသား လေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ ရွှေမြန်မာ လေကြောင်းနှင့် Royal Dutch KLM လေကြောင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သတင်း- တင်စိုး (မြန်မာ့အလင်း)