မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကိန်းများ

မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ ကျင့်သုံးနေသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များအတိုင်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ပါသည်။

 

မျှော်မှန်းချက် (Vision)

 

  • မြန်မာနိုင်ငံအား ဒေသတွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှု၊ ထောက်ပံ့ဖြည့်တင်းမှု ကွင်းဆက်တွင်  အပြည့်အဝ ချိတ်ဆက်၍ အကျိုးဖြစ်ထွန်းစေနိုင်မည့် ဆိပ်ကမ်းများ ဖြစ်လာစေရန်။

 

လုပ်ငန်းတာဝန် (Mission)

 

  • ထိရောက်၍ အကျိုးဖြစ်ထွန်းစေမည့် ဆိပ်ကမ်းစွမ်းဆောင်ရည်နှင့် အကောင်းဆုံးသော ဝန်ဆောင် မှုများ ပေးစွမ်းခြင်းဖြင့် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော ဆိပ်ကမ်းလုပ်ငန်း အသိုက်အဝန်းတစ်ခုကို ထူထောင်ကာ နိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အပံ့ပြုနိုင်ရန်။
  • ဆိပ်ကမ်းတံတားများ၏ လုပ်ငန်းစွမ်းဆောင်ရည်များအား အစဉ်မပြတ် စောင့်ကြည့်တိုင်းတာ၍ အနာဂတ် ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများချမှတ်ဆောင်ရွက်သွားရန်။
  • ဆိပ်ကမ်းလုပ်ငန်းတွင် ပါဝင်သည့် ကဏ္ဍအသီးသီးနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သောဆိပ်ကမ်း လုပ်ငန်းအသိုက်အဝန်းတစ်ခုအား ဟန်ချက်ညီညီ ထူထောင်သွားရန်။
  • အဆင့်မြင့်နည်းပညာများအား အသုံးပြု၍ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်နှင့် ကုန်ထုတ် စွမ်းအားများ ပိုမိုမြှင့်မားတိုးတက်အောင် ဆောင်ရွက်နိုင်စေရေးအတွက် ကွန်ယက်တစ်ခုတည်းအောက်တွင် တစ်စု တစ်စည်းတည်း ပေါင်းစပ်စီမံခန့်ခွဲသွားရန်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ရည်မှန်းချက်များ ကို အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

 

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ရည်မှန်းချက်များ

 

  • ဆိပ်ကမ်းလုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ကြိုတင်စီမံဆောင်ရွက်သွားရမည်။
  • နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ပို့ကုန်/သွင်းကုန် များကို နိုင်နင်းစွာ တိုးမြှင့်ကိုင်တွယ်နိုင်ရေး ဆောင်ရွက်သွားရမည်။
  • ဆိပ်ကမ်းကဏ္ဍများတွင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးပွားလာစေရေးဆောင်ရွက်သွားရန်နှင့် ဆိပ်ကမ်းများ၏ စွမ်းဆောင်နိုင်မှု (Capability) အား အာဆီယံနှင့် နိုင်ငံတကာအဆင့်များနှင့်အညီ တန်းတူ ဆောင်ရွက်သွားရမည်။
  • တိုးတက်ဖွံ့ဖြိုးလာသော ပုဂ္ဂလိကဆိပ်ကမ်းများကိုလည်း မူဝါဒများ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေး၊ ကြီးကြပ်ကွပ်ကဲ စီမံ ဆောင် ရွက်သွားရမည်။
  • ဆိပ်ကမ်းများ တိုးချဲ့တည်ဆောက်မှုနှင့်အတူ ရှာဖွေနိုင်သည့် ဘဏ္ဍာငွေ ခွင့်ပြုချက်အတွင်းမှ လိုအပ်သည့် ဝန်ထမ်းများကို တိုးမြှင့်ခန့်ထား သွားရမည်။


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် လက်အောက်ရှိဌာနများအကြောင်း အကျဉ်းချုပ်နှင့် လုပ်ငန်းတာဝန်များ

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက် ရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း(၄) ခု အနက် (၁) ခု ဖြစ်ပြီး နိုင်ငံတော်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ဆိပ်ကမ်းများသို့ ဝင်ရောက် ဆိုက်ကပ်လာသော ပင်လယ်ကူး သင်္ဘောကြီးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများရှာဖွေပေးလျှက်ရှိသည့်အပြင် ဆိပ်ကမ်းကဏ္ဍ တိုးတက်ရေးအတွက် ထိန်းကြောင်း ဆောင်ရွက်ပေးလျှက်ရှိသည့် ဌာနတစ်ခုဖြစ်ပါသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ဌာန (၉)ခုရှိပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -


(က)    ကုန်လုပ်ငန်းဌာန၏ တာဝန်ဝတ္တရားများ

(၁)     ဆိပ်ကမ်းတွင်းသို့ ဝင်ရောက်လာသည့် သင်္ဘောများအား သင့်လျော်သည့် ဆိပ်ကမ်းတံတားများ စီစဉ်နေရာချထားပေးခြင်း။

(၂)     သွင်းကုန်များကို သင်္ဘောများပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင်များ ထံသို့ ထုတ်ပေးခြင်း။

(၃)     ပို့ကုန်များကို လက်ခံ၍ သင်္ဘောများ၏ သိုလှောင်ရေး စီမံချက်နှင့်အညီ တင်ဆောင်ပေးခြင်း။

(၄)     ကမ်းရိုးတန်းသွားရေယာဉ်များနှင့် ပြည်တွင်းသွားရေယာဉ်များအတွက် ဆိပ်ခံဗောတံတားများ စီစဉ်ပေးခြင်း။

(၅)     ဆိပ်ကမ်းပိုင်မြေများ၊ သိုလှောင်ရုံများ ငှားရမ်းခြင်း။

(၆)     ဆိပ်ကမ်းသုံးစွဲသူများထံမှ ကျသင့်သော ဆိပ်ကမ်းအခွန်အခများ ကောက် ခံခြင်း။

(၇)     သင်္ဘောကြီး ကုန်တင်/ ကုန်ချ ကျွမ်းကျင်လုပ်သားများကို စုဆောင်းလေ့ကျင့် တာဝန်ချထား ပေးခြင်း။

(၈)     ကုန်တင်/ကုန်ချ လုပ်ငန်းအတွက် သင့်လျော်သော ကုန်ကိုင်တွယ်သည့် စက်ပစ္စည်းကိရိယာများ နှင့် ကျွမ်းကျင်သည့် စက်မောင်းများ စီစဉ်ပေးခြင်း။

(၉)     ဆိပ်ကမ်းနယ်မြေအတွင်း ဆိပ်ကမ်းပိုင် ပစ္စည်းနှင့် သွင်းကုန်/ပို့ကုန်များ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ခြင်း။

(၁၀)   ပင်လယ်ကူးသင်္ဘောများနှင့် ကမ်းရိုးတန်းသွား ရေယာဉ်များအား ရေချိုပေး သွင်းခြင်း။


( ခ)     ကိုယ်စားလှယ်လုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်

(၁)     မြန်မာနိုင်ငံဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသည့် နိုင်ငံခြား အလံတင် ကုန်သွယ်ရေကြောင်း ပင်လယ်ကူးသင်္ဘောကြီးများ၏ သင်္ဘောပိုင်ရှင်/ သင်္ဘောငှားရမ်းသူတို့၏ ကိုယ်စားလှယ်အဖြစ် ဝန်ဆောင်မှုပေးခြင်း

(၂)     သင်္ဘော ဝင်ရောက်ဆိုက်ကပ်ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း ဆိုင်ရာ လုပ်ငန်း စဉ်များ၊ ကုန်တင်ကုန်ချ လုပ်ငန်းများ၊ ဆီ/ရေ/ရိက္ခာဖြည့်တင်းခြင်း၊ လုပ်ငန်းများ၊ သင်္ဘောသားများနှင့်ပတ်သက်သည့် အထွေထွေ ကိစ္စရပ်များ အား သင်္ဘောပိုင်ရှင်/သင်္ဘောငှားရမ်းသူတို့၏ကိုယ်စား ဆောင်ရွက်ပေးလျှက် ရှိပြီး သင်္ဘော ပြန်လည်ထွက်ခွာပြီး ထိုသင်္ဘော၏ ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းပြီးသည်အထိ တာဝန်ယူဆောင်ရွက်ပေးခြင်း


( ဂ)     ရေကြောင်းဌာန၏ လုပ်ငန်းတာ၀န်များ

(၁)    ဆိပ်ကမ်းနယ်နိမိတ်အတွင်း ဝင်/ထွက်သွားလာကြသည့် ရေယာဉ်များအတွက် ရေပြင်တွင် ဆောင်ရွက်ပေးရန် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း

(၂)    ဆိပ်ကမ်းနယ်နိမိတ်ကို   အသုံးပြုသွားလာသည့်   ရေယာဉ်များ စနစ်တကျ သွားလာ စေရေး၊  ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရန်ဆောင်ရွက်ခြင်း၊ ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်စေရေးအတွက် ကြပ်မတ် ထိန်းသိမ်းပေးခြင်း


(ဃ)    မြို့ပြအင်ဂျင်နီယာဌာန၏လုပ်ငန်းတာ၀န်များ

(၁)     ဆိပ်ကမ်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် ဆိပ်ကမ်းဆိုင်ရာအဆောက်အအုံများ (Port Facilities) ဖြစ်သည့် ဆိပ်ခံ တံတားကြီးများ၊ ဆိပ်ခံဗောတံတားများ၊ Transit Shed များ၊ Warehouse များ၊ ကုန်သေတ္တာလွင်ပြင်များ၊ ရေကာ တံတိုင်းများ၊ မောင်းတက်/ ဆင်း တံတားများ၊ ရေကြောင်းပြမှတ်တိုင်များ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက် အအုံ များ စသည်တို့ကို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် Port Planning and Design ရေးဆွဲခြင်း


( င)     စက်မှုအင်ဂျင်နီယာဌာန၏လုပ်ငန်းတာ၀န်များ

(၁)     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ လုပ်ငန်းသုံး ရေယာဉ်ကြီး/ငယ်များ ပြုပြင် ထိန်းသိမ်းခြင်း နှင့် အသစ် တည်ဆောက်ခြင်း၊

(၂)     ရေကြောင်းပြဗော်ယာများ၊ ကြိုးချည်ဗော်ယာများ အပါအဝင် ဗော်ယာ အမျိုးမျိုး ပြုပြင်ခြင်း နှင့် အသစ် တည်ဆောက်ခြင်း၊

(၃)     ကုန်ကိုင်တွယ်သည့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း၊

(၄)     မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း၊

(၅)     ပင်လယ်ကူးသင်္ဘောကြီးများ၏ ရေပေါ်ပြင်ဆင်မှုလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခြင်း၊

(၆)     လျှပ်စစ်နှင့် အီလက်ထရောနစ်ပိုင်းဆိုင်ရာ စက်ကိရိယာများ  ပြုပြင်ထိန်း သိမ်းမွမ်းမံခြင်း၊

(၇)     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ကုန်သေတ္တာ လွင်ပြင်များ၊ ကုန်လှောင်ရုံများ၊ ရုံးအဆောက် အဦများ၊ လမ်း နှင့် ဆိပ်ကမ်းတံတားများ၊ ဆိပ်ကမ်းနယ်မြေ များ၏ လျှပ်စစ်အလင်းရောင်များ ရရှိရေး၊ ထိန်းသိမ်းမွမ်းမံခြင်း နှင့် ဓါတ်အားဖြန့်ဖြူးပေးခြင်း၊

(၈)     ဆိပ်ကမ်းတံတားများ နှင့် ကုန်သေတ္တာလွင်ပြင်များတွင် တပ်ဆင်ထားသော ကုန်ကိုင်တွယ် စက်ကိရိယာများ နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများကို စစ်ဆေး၍ လိုအပ်သော ထောက်ခံချက်များ ထုတ်ပေးခြင်း၊

(၉)     ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောကျင်း နှင့် လွန်းလမ်းများ တည်ဆောက် လုပ်ကိုင်ခြင်း အတွက် စည်းမျည်းစည်းကမ်းများ သတ်မှတ်ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်း နှင့် လုပ်ငန်း လိုင်စင်ထုတ်ပေးခြင်း၊

(၁၀)   ဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများမှ အပ်နှံလာသော ရေယာဉ်ပြုပြင်/ တည်ဆောက်ခြင်း လုပ်ငန်း၊စက်မှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပြင်ဆင်မှု လုပ်ငန်း များကို လက်ခံဆောင် ရွက်ပေးခြင်း၊


(စ)     စာရင်းဌာန၏ တာဝန်ဝတ္တရားများ

(၁)    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ အရ ဘဏ္ဍာရေးဆိုင်ရာတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ ငွေရေးကြေးရေးနှင့် ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ခြင်း။

(၂)     နှစ်ရှည်/နှစ်တို/ နှစ်အလိုက် စီမံကိန်းများကို ရေးဆွဲတင်ပြခြင်း၊ စီမံကိန်း အပေါ် အကောင် ထည်ဖော်နိုင်မှု အခြေအနေများကို စိစစ်တင်ပြခြင်း။

(၃)     နှစ်စဉ် ဘဏ္ဍာငွေ အရ/အသုံး ခန့်မှန်းခြေစာရင်းများကို ပြုစုရေးဆွဲခြင်း၊ ရငွေ၊ ပေးငွေစာရင်း၊ ဝင်ငွေ၊ အသုံးစရိတ်များနှင့်ပတ်သက်၍ အပတ်စဉ် စာရင်း၊ လစဉ်စာရင်း၊ (၃)လပတ်စာရင်း၊ (၆)လပတ်စာရင်း၊ နှစ်ချုပ်စာရင်း များ ရေးဆွဲပြုစုတင်ပြခြင်း။

(၄)     သာမန် အသုံးစရိတ်စာရင်းများ၊ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းများ၊ အရှုံး/အမြတ် ခွဲဝေ ရန်ပုံငွေစာရင်းများကို ပြုစုထိန်းသိမ်းခြင်း။

(၅)     ပြည်တွင်း/ ပြည်ပချေးယူငွေ၊ ထုတ်ချေးငွေများနှင့် ပတ်သက်သည့် အတိုး အရင်းစာရင်းများကို ပြုစုထိန်းသိမ်းခြင်း။

(၆)     ပြင်ပဆိပ်ကမ်းများ၏ ရငွေ၊ ပေးငွေစာရင်း၊ ဝင်ငွေ၊ အသုံးစရိတ်များ၊ ဘဏ္ဍာရေးနှစ်ချုပ် စာရင်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တစ်စု တစ်ပေါင်းတည်းသော နှစ်ချုပ်စာရင်းဖြစ် ရေးဆွဲပြုစုခြင်း။

(၇)     ဌာနပိုင် ပစ္စည်းများစာရင်း၊ မှတ်တမ်းများ၊ ပြုစုထိန်းသိမ်းခြင်းနှင့် ဆုံးရှုံးမှု နှင့်ပတ်သက်၍ ဌာနအသီးသီးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီးစီး သည့် စာရင်းမှ ပယ်ဖျက်ရန် အမှုတွဲများ ကို စာရင်းညှိနှိုင်းခြင်း။

(၈)     ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း၊ ပိုလျှံငွေ ပြန်လည်အပ်နှံခြင်း တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း။

(၉)     ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်း ကွပ်ကဲရေးဌာနကြီးတွင် စာရင်းဌာန မှ ဝန်ထမ်းများ အား တွဲဖက်ထားရှိပြီး သင်္ဘောပိုင်ရှင်များ၏ ကြိုတင် အပ်နှံငွေစာရင်းမှ တောင်းခံလာသည့် သင်္ဘောဝန်ဆောင်ခများကို ကြီးကြပ်ပေးချေခြင်း၊ သင်္ဘောပိုင်ရှင်များသို့ ပိုငွေ ပြန်အမ်းခြင်းနှင့် စာရင်း များ ပြုစုထားရှိခြင်း။

(၁၀)   ဌာနအသီးသီးမှ စာချူပ် ချုပ်ဆိုဆောင်ရွက်သည့် လုပ်ငန်းများအတွက် စာချုပ်ပါအတိုင်း ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိ စိစစ်ခြင်း။

(၁၁)   ကြိုတင်အပ်နှံငွေ၊ လုပ်ငန်းအာမခံငွေ၊ ကြိုတင်ထုတ်ငွေများ၊ အမြဲတမ်း ဆောင်ငွေစာရင်းများကို တည်ဆဲဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ စာရင်းကိုင်စံများနှင့်အညီ စာရင်းပြုစုထားရှိခြင်း နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဘဏ်စာရင်း ကိုက်ညှိ ရှင်းတမ်းများအရ ရေးဆွဲခြင်း။

(၁၂)   ကုန်တင်/ ကုန်ချ လုပ်သားများအား သတ်မှတ်ချက်နှင့်အညီ ငွေထုတ် ပေးခြင်း။

(၁၃)   လုပ်ငန်းအလိုက် တန်ဖိုးတွက်စာရင်းများ ပြုစုထိန်းသိမ်းခြင်း။

(၁၄)   လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ အခကြေးငွေများ၊ အငြိမ်းစားလစာနှင့် လုပ်သက်ဆုငွေများ၊ လုပ်သက်ဆုကြေးရန်ပုံငွေများ ထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်ခြင်း။

(၁၅)   သဘာဝဘေးအန္တရာယ်အတွက် ဝန်ထမ်းကြိုတင်ထုတ်ယူငွေစာရင်းများ ပြုစုထိန်းသိမ်းခြင်း။

(၁၆)   စာရင်းစစ်အစီရင်ခံစာပါ ပြန်ကြားရန်အချက်များကို ဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေကြားခြင်း။

(၁၇)   ဝန်ထမ်းလုပ်သက်မှတ်တမ်းအစာအုပ်များ ထိန်းသိမ်းထားရှိခြင်း။

(၁၈)   ဘဏ္ဍာရေးဌာနကြီး၏ ဝန်ထမ်းရေးရာကိစ္စများ စီမံခန့်ခွဲခြင်း။

(၁၉)   ဌာနတွင်းကြီးကြပ်မှုစနစ် ကောင်းမွန်ရေးအတွက် စီမံဆောင်ရွက်ခြင်း။


(ဆ)    လုပ်သားရေးရာဌာန၏လုပ်ငန်းတာ၀န်များ

(၁)     လုပ်သားရေးရာဌာန၏ အဓိကတာဝန်မှာ စည်းကမ်းထိန်းသိမ်းခြင်း၊ ဥပဒေ ရေးရာနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များ ထုတ်ပြန်ခြင်းနှင့် ဝန်ထမ်းရေးရာ ကိစ္စ ရပ်များကို ဝန်ထမ်းများခန့်အပ်ရန် ရွေးချယ်စုဆောင်းသည့် အချိန်မှစ၍ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးသည့် အချိန်အထိ ၎င်းတို့၏ စီမံရေးရာ ကိစ္စရပ်များအား တာဝန်ယူဆောင်ရွက် ပေးခြင်း


(ဇ)     ဗဟိုပစ္စည်းထိန်းဌာန ၏လုပ်ငန်းတာ၀န်များ

(၁)     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ် သော ပင်မနှင့်အရန်ပစ္စည်းများကို သတ်မှတ်ထားသည့် အမျိုးအစားအလိုက် သတ်မှတ်ထားသည့်အချိန် အတွင်း စျေးနှုန်းအသက်သာဆုံးနှင့် ရရှိရန်ဆောင် ရွက် ပေးခြင်း

(၂)     ဌာနပိုင် ပစ္စည်းများ သိုလှောင်ထိန်းသိမ်းခြင်း/ အသုံးပြုရန် ထုတ်ပေးခြင်း။


(ဈ)     နိုင်ငံတကာဆက်ဆံရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်း တာ၀န်များ

(၁)     ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ၊ စီမံကိန်းလုပ်ငန်း ဆိုင်ရာ၊ ချေးငွေ/အထောက်အပံ့ ရယူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံချက်များ ရေးဆွဲခြင်းနှင့် အဆင်‌ပြေချောမွေ့စေရန် ပံ့ပိုးပေးခြင်းနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖေါ်ခြင်း။

(၂)     ဆိပ်ကမ်းဆိုင်ရာ အာဆီယံနှင့် နိုင်ငံတကာအဆင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပ  ရာတွင် ပံ့ပိုးတာဝန်ခံ စီမံဆောင်ရွက်ပေးခြင်း။

(၃)     ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်မြှင့်မားစေရေးအတွက် ပြည်တွင်း ပြည်ပ သင်တန်းများသို့ တာဝန်ခံ ရွေးချယ်စေလွှတ်ပေးခြင်း။

(၄)     သတင်းအချက်အလက်နည်းပညာအား Key Driver တစ်ခုအဖြစ် ထိရောက် အကျိုးရှိစွာ အသုံးချ၍ Port Operation နှင့် Management လုပ်ငန်းများ ပိုမိုမှန်ကန်မြန်ဆန် သွက်လက်စေရန် ပံ့ပိုးတာဝန်ခံ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။

(၅)     သတင်းအချက်အလက် စီမံခန့်ခွဲခြင်းဆိုင်ရာ အထောက်အကူပြု Software/ Applications များအား ဌာနတွင်း ဝန်ထမ်းများနှင့်  ပြည်တွင်း/ပြည်ပမှ နည်းပညာဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီ/ အထောက်အပံ့/ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရေးဆွဲ ဆောင်ရွက်ခြင်း။

(၆)     ဌာနတွင်း အသုံးပြုလျက်ရှိသည့် ကွန်ယက်စနစ်များ (Network)နှင့် Hardware/Software များဖြင့် လုပ်ငန်း လည်ပတ်ခြင်း (Operation) နှင့် ပြုပြင်ထိန်းသိမ်းခြင်း (Maintenance)၊ အဆင့်မြှင့်တင်ခြင်း (Upgrading) လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးခြင်း


ဝန်ဆောင်မှုများ (Services)

           မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဆိပ်ကမ်း သုံးစွဲသူများဖြစ်သော ဆိပ်ကမ်းသို့ ဝင်/ထွက် သည့် သင်္ဘောများနှင့် ကုန်ပိုင်ရှင်များအတွက် ဝန်ဆောင်မှုပေးနိုင်သည့် အဓိကကျသော လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ကမ်းရိုးတန်းမီးပြတိုက်များ (Coastal Lighthouses) ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်း

( ခ)     ရေကြောင်းလမ်းညွှန် မီးပြနှင့် ရေကြောင်းပြအမှတ်အသားများ (Navigational Lights, lightbuoys and markers) ချထားရေးလုပ်ငန်း

( ဂ)     ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်း (Conservancy of access channel)

(ဃ)    ရေကြောင်းပြလုပ်ငန်း (Pilotage)

( င)     သင်္ဘောများ ယာယီရပ်နားရန် ကျောက်ချရပ်နေရာများနှင့် သင်္ဘောချည် ဗော်ယာများ (Anchorages and mooring buoys)) ထားရှိပေးခြင်း

( စ)     ဆိပ်ကမ်းအတွင်း သင်္ဘောများ လှုပ်ရှားသွားလာမှုတွင် အထောက်အကူပြုရန် အတွက် တွန်း/ဆွဲ သင်္ဘောများ (Tugs and Towage) စီစဉ်ပေးခြင်း

(ဆ)    ဆိပ်ကမ်းသုံးရေယာဉ်များနှင့် သင်္ဘောများဗော်ယာတွင် ချည်နှောင်ရန်အတွက် လုပ်သားဂိုဏ်းများ (Mooring gangs) စီစဉ်ပေးခြင်း

( ဇ)     သင်္ဘောများဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းလုပ်ဆောင်နိုင်ရန် ဆိပ်ကမ်း တံတား (Wharf) နှင့် ယာယီသိုလှောင်ရုံများ (Transit sheds) စီစဉ်ပေးခြင်း

(စျ)     ကုန်တင်ကုန်ချလုပ်ငန်း လုပ်ဆောင်ရန်အတွက် လုပ်သားများ စီစဉ်ပေးခြင်း (Stevedoring)

(ည)    ကုန်တင်ကုန်ချလုပ်ငန်းအတွက် ကုန်ပစ္စည်းများလက်ခံခြင်း၊ယာယီထိန်းသိမ်းခြင်း နှင့် ထုတ်ပေးခြင်း

( ဋ)     ကုန်တင်ကုန်ချလုပ်ငန်းသုံးစက်ကရိယာများ (Cargo handling equipment) စီစဉ်ပေးခြင်း

( ဌ)     သင်္ဘောကိုယ်စားလှယ်လုပ်ငန်း (Shipping Agency Services) ဆောင်ရွက်ခြင်း


ရန်ကုန်ဆိပ်ကမ်းအတွင်းရှိ ဆိပ်ကမ်းတံတားများ

 

  တံတားအမျိုးအစား နေရာ ဆိုက်ကပ်နိုင်သည့် တံတားအရေအတွက်
ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာ
Container/GC YGN 15
Liquid Bulk YGN 4
GC YGN 7
  Total   26
သီလဝါဆိပ်ကမ်းဧရိယာ
Container/GC Thilawa 7
Oil & Gas Thilawa 7
Liquid Bulk Thilawa 1
GC Thilawa 4
Crop Thilawa 1
  Total   20