လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန-လုပ်ငန်းစဉ်

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းစဉ်များ

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန/ လုပ်ငန်းစဉ်များ

DCA Org

မူဝါဒ

        • နိုင်ငံတော်၏စီးပွားရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သည့် မြို့ပြလေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး

 

ရည်ရွယ်ချက်

       • လေကြောင်းခရီးသွားလာမှုများ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန်

       • လေကြောင်းပို့ဆောင်ရေးကဏ္ဍအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တိုးတက်စေရန်

      • တိုးတက်လာသော လေကြောင်းခရီးသွားလာမှုများနှင့်အတူလေကြောင်းထိန်းသိမ်းရေး၊ ဆက်သွယ်ရေး၊ သတင်းပြန်ကြားရေးဆိုင်ရာလုပ်ငန်းများအား ခေတ်မှီနည်းပညာများ အသုံးပြု၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နေစေရေးဆောင်ရွက်ရန်

       • လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန်

       • လေကြောင်းပို့ဆောင်ရေးတွင် ပုဂ္ဂလိက အခန်းကဏ္ဍများ ပိုမိုပါဝင်ဆောင်ရွက်လာစေရန်

        • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်

 

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

 

(က) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ရေး၊ စွမ်းအားပြည့် ပျံသန်းနိုင်ရေး၊ အချိန်မှန်ပျံသန်းနိုင်ရေး အတွက် ကြီးကြပ်စီမံ ဆောင်ရွက်ခြင်း။
(ခ) ICAO ကထုတ်ပြန်ထားသည့် Annex များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ ပြင်ဆင် ထုတ်ပြန်ချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီမည့် Myanmar Civil Aviation Requirements (MCAR) များ အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ခြင်း။
(ဂ) ထုတ်ပြန်ထားသော MCAR များအပေါ် မူတည်၍ နိုင်ငံအတွင်း ပတ်သက်ဆက်စပ်လျှက်ရှိ သည့် Stakeholder များ (ဥပမာ- လေဆိပ် Operator များ၊ လေကြောင်းလိုင်းများ) က ကိုက်ညီရေးဆွဲရမည့် Manual များရေးဆွဲတင်ပြအတည်ပြုချက်ရယူပြီး လိုက်နာ ဆောင်ရွက် ခြင်း ရှိ/မရှိကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Inspector များက စစ်ဆေးခြင်း။
(ဃ) မြန်မာနိုင်ငံအတွင်း ဆင်းသက်ပျံသန်းခြင်းနှင့် ဖြတ်ကျော်ပျံသန်းလျက်ရှိသော လေယာဉ်များ နှင့်ဆက်သွယ်ရေး၊ လေဆိပ်အချင်းချင်းဆက်သွယ်ရေး၊ အိမ်နီးချင်း လေကြောင်းထိန်းဌာန များနှင့် ဆက်သွယ်ရေး၊ လေယာဉ်ပုံရိပ်ဖော် ရေဒါစနစ်များ၊ လေကြောင်းလမ်းညွှန်စက်များနှင့် လေယာဉ်ဆင်း/တက် အထောက်အကူပြုစနစ်များတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစဉ်ကောင်းမွန်မှုရှိနေစေရန် စီမံဆောင်ရွက်ခြင်း။
(င) လေယာဉ်ကွင်းများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ Aerodrome Certificate ထုတ်ပြန်ခြင်းနှင့် လေယာဉ်ကွင်းဧရိယာအတွင်း လေယာဉ်ပျံသန်းမှု အန္တရာယ်ကင်းရှင်းစေရန် အမြင့်ပေ သတ်မှတ်ထုတ်ပြန်ခြင်း။
(စ) မြို့ပြလေကြောင်းဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုရာတွင် သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများဆောင်ရွက်ခြင်း။
(ဆ) ပုံမှန်အားဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ICAO Regional Office နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခြင်းအပြင် လိုအပ်ပါက ICAO နှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်း။
(ဇ) ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများအားလုံး၊ လေကြောင်းပျံသန်းမှုလမ်းညွှန်ထိန်းသိမ်းရေး ဌာန၊ လေကြောင်းပညာသိပ္ပံကျောင်းတို့နှင့်ပတ်သက်သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို တာဝန်ယူဆောင်ရွက်ခြင်း။
(ဈ) ဘဏ္ဍာနှစ်အလိုက် နိုင်ငံတော်မှချမှတ်သော ဘဏ္ဍာငွေများကိုဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ စည်းမျဉ်းများနှင့်အညီသုံးစွဲရန် ကြီးကြပ်ကွပ်ကဲခြင်း။
(ည) လေကြောင်းဥပဒေဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း။
(ဋ) လေယာဉ်များ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပျံသန်းနိုင်ရေး နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် များ ထုတ်ပြန်ခြင်း နှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း။
(ဌ) ဖြတ်ကျော်ပျံသန်းဝန်ဆောင်ခများနှင့် ပြည်တွင်းလေဆိပ်များ ဆင်း/တက်ဆိုင်ရာ ဝန်ဆောင်ခ များကောက်ခံရေး၊ သတ်မှတ်ချက်အတိုင်း ကောက်ခံရရှိစေရေး စီမံဆောင်ရွက်ခြင်း။
(ဍ) အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးအစီအစဉ်၊ အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး အရည် အသွေးထိန်းချုပ်ရေးအစီအစဉ် နှင့် အမျိုးသားမြို့ပြလေကြောင်း ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အချိန် နှင့်တပြေးညီ ကိုက်ညီမှုရှိစေရန် ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်ခြင်း။
(ဎ) မြို့ပြလေယာဉ်မှတ်ပုံတင်ခြင်း၊ လေယာဉ်ပျံသန်းအသုံးချမှုတွင် စက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်း များအားကြီးကြပ်ခြင်း၊ မြို့ပြလေယာဉ် လုံခြုံစိတ်ချစွာ ပျံသန်းနိုင်မှုအဆင့်အတန်း စိစစ် လက်မှတ်များထုတ်ပေးခြင်း၊ လေယာဉ်အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ မြို့ပြလေယာဉ်ထိခိုက်ပျက်စီးမှုများ စစ်ဆေးရာတွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်ခြင်း။
(ဏ) Air Operator's Certificates စိစစ်ထုတ်ပေးခြင်း၊ လေယာဉ်မှူးလိုင်စင် ထုတ်ပေးခြင်း၊ ဘေး အန္တရာယ်ရှိစေသောပစ္စည်းများ (Dangerous Good) လေယာဉ်ဖြင့် တင်ဆောင်နိုင်ရေး အတွက် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီးကိုက်ညီမှုရှိပါက သယ်ဆောင်ခွင့်ပြခြင်း။
(တ) လေကြောင်းပျံသန်းမှုလမ်းညွှန်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ ထုတ်ပြန် ထားသော သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း။
(ထ) ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်သားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ လေကြောင်းခရီးဖြင့်သွားလာနိုင်ရေးအတွက် လေယာဉ်မှူး၊ လေယာဉ်သားနှင့် အင်ဂျင်နီယာ လိုင်စင်သင်တန်းများ၊ ပျံသန်းရေးနှင့် မြေပြင်ဝန်ဆောင်မှုဆိုင်ရာ လေကြောင်းပညာရပ်သင်တန်း များကို အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်ပြဋ္ဌာန်းထားသော စံချိန် စံနှုန်းများနှင့်အညီ သင်တန်းများ ပုံမှန်ဖွင့်လှစ်သင်ကြားပေးခြင်း။
(ဒ) ဦးစီးဌာနအတွက် လိုအပ်သော သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးရေးမှူးများ၊ လေကြောင်း ထိန်း၊ လေယာဉ်စက်မှု၊ လေကြောင်းလုံခြုံရေး၊ လေကြောင်းဆက်သွယ်ရေး၊ လေကြောင်း လျှပ်စစ်၊ လေကြောင်းမီးသတ်၊ လေကြောင်းအင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်နှင့် ရုံးလုပ်ငန်း ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ အရည်အသွေးမြှင့်တင် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင် ရာကဏ္ဍအလိုက်ပြည်တွင်း/ပြည်ပသင်တန်းများ ဖွင့်လှစ်/စေလွှတ် လေ့ကျင့် သင်ကြားပေးခြင်း။