မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ သမိုင်းကြောင်း

၁။      ၁၉၅၇-၅၈ ခုနှစ်တွင် တပ်မတော်(ရေ)မှ လက်ရှိဆင်မလိုက်နေရာအား ရေတပ်သင်္ဘောကျင်းအဖြစ် တည်ဆောက်ရန် ရွေးချယ်ခဲ့ပြီး ဆောက်လုပ်ခဲ့ပါသည်။ တည်ဆောက်ပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်အတွက် ၅-၈-၇၀ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇၄ ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆင်မလိုက်သင်္ဘောကျင်းအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပါသည်။ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁ ဖြင့် ထုတ်ပြန်ချက်အရ သင်္ဘောကျင်းကော်ပိုရေးရှင်းအဖြစ် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၁၉၈၉ ခုနှစ်၊ မတ်လ(၃၁)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၈၉ အရ သင်္ဘောကျင်းကော်ပိုရေးရှင်းမှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ ပြောင်းလဲဖွဲ့စည်း၍ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

၂။      ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်နိုင်သည့် ရေယာဉ်ကြီးများ လွန်းတင်ပြင်ဆင်ပေးနိုင်သည့် လွန်းကျင်း တစ်ခု တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံShandong Agricultural Industry& Commerce Group Cooperation ၏ချေးငွေဖြင့် ၈-၇-၂၀၀၁ ရက်နေ့တွင် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတည်ဆောက်ရေးစီမံကိန်း စတင်ဆောင်ရွက်ခဲ့ပြီး၃၀-၃-၂၀၀၅ရက်နေ့တွင် ပြီးစီးခဲ့၍ ရေယာဉ်ကြီးများအား စတင်လွန်းတင်ပြင်ဆင်နိုင်ခဲ့ပါသည်။

၃။     ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကုန်ကြမ်းပစ္စည်းအတွက် သုံးစွဲမည့်ငွေ၏ ၂၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ကျန်ငွေအား မိမိလုပ်ငန်းဆောင်ရွက်သည့်ငွေမှပင် ကျခံသုံးစွဲခြင်းမှ အစပြု၍ ကိုယ်ပိုင်ရပ်တည်မှု ဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ မိမိဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည်ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC နှင့် ပူးပေါင်း၍ လျောလမ်းသုံး လွန်းကျင်းဧရိယာအား Myanma Shipyards - Dong A Joint Venture Co., Ltd. ဖွဲ့စည်းထူထောင်ရန်အတွက် ဖက်စပ်သဘောတူစာချုပ်အား ၃၁-၁-၂၀၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁-၁၀-၂၀၁၅ ရက်နေ့မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။