မြန်မာ့သင်္ဘောကျင်းလုပ်ငန်း/ လုပ်ငန်းစဉ်များ

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမူဝါဒ

 

၁။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ရေကြောင်း ကုန်စည် ပို့ဆောင်မှုကဏ္ဍတွင် လိုအပ်လျက်ရှိသော ရေယာဉ်များ၊ ပြည်ပနိုင်ငံများမှ အပ်နှံသည့် ရေယာဉ်များကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နိုင်ရေး။

၂။ ပြည်တွင်းပြည်ပမှအပ်နှံသည့် လွန်းတင်ပြင်ဆင်သော ရေယာဉ်များကိုလည်း သတ်မှတ်ချိန် အတွင်း အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်နိုင်ရေး။

 

ရည်မှန်းချက်များ

 

၁။ အပြည်ပြည်ဆိုင်ရာ Classification အဖွဲ့အစည်းများ၏ အသိအမှတ်ပြု ရေယာဉ်များ တည်ဆောက်/ ပြင်ဆင်နိုင်ရေး။

၂။ နိုင်ငံတကာသင်္ဘောကျင်းများနှင့်အတူ ရေယာဉ်တည်ဆောက်ရေးစျေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး။

၃။ ခေတ်မှီဆန်းသစ်လာသော ရေယာဉ်တည်ဆောက်ရေး နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေး။

၄။ သင်္ဘောကျင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး။

၅။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး။

 

လုပ်ငန်းစဉ်များ

 

၁။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ မိမိ ဘဏ္ဍာရန်ပုံငွေဖြင့်ရပ်တည်ပြီး စျေးကွက်စီးပွားရေးစနစ်နှင့်အညီ စီးပွားရေး ဆန်ဆန် လုပ်ငန်းများ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတွင် လျှောလမ်းသုံးသင်္ဘောကျင်း နှင့်ရေလုံသင်္ဘောကျင်း(၂)ခုဖြင့် ရေယာဉ် တည်ဆောက်ရေးနှင့် ရေယာဉ် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှ ၁-၁၀-၂၀၁၅ ရက်နေ့မှ စတင်၍ လျှောလမ်းသုံးသင်္ဘောကျင်းအပိုင်းအား Myanma Shipyards - Dong A Joint Venture Co., Ltd. အဖြစ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။ အဆိုပါ ဖက်စပ်လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပမှ မိမိဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ရေယာဉ်တည်ဆောက်ရေးနှင့် ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အင်ဂျင်နီယာများအား လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်များ ဆောင်ရွက်ရေး၊ ရေယာဉ်တည်ဆောက်ရေးနှင့် ရေယာဉ်ပြင်ဆင်ရေးလုပ်ငန်းများအတွက် စျေးကွက်များ ရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။