မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏-လုပ်ငန်းစဉ်များ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းစဉ်များ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ လုပ်ငန်းစဉ်များ

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မူဝါဒ

 

(၁)       သဘာဝဘေးကြိုတင် ကာကွယ်ရေးအတွက် အများပြည်သူများ အသက် အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုမရှိစေရေးအတွက် ထိရောက်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်

(၂)       ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနစာတမ်းများ ပြုစုထုတ်ဝေရေး ဆောင်ရွက်ရန်

(၃)     မြေငလျင်ကြောကြီးများ၏ ရွေ့လျားမှုနှင့် မြေငလျင်လှုပ်ရှားမှုများကို သတင်းထုတ်ပြန်နိုင်ရေး နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဆူနာမီရေလှိုင်းကြီးများဝင်ရောက်လာမှုကြိုတင်ခန့်မှန်းနိုင်ရန်

(၄)       မြန်မာနိုင်ငံအဓိက မြစ်ကြီးများ၏ မြစ်ရေကြီးခြင်း သတိပေးချက်များနှင့် မြစ်ရေ     အခြေအနေသတင်းများ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်

 

ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်

 

(၁)      သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတိပေးနိုင်ရေး။

(၂)       မိုးလေဝသနှင့် ဇလဗေဒ လုပ်ငန်းများ၊ တိုးတက် အောင်မြင်ရေး အတွက် သုတေသန၊ ပညာပေးနှင့် နိင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။

(၃)     မိုးလေဝသတိုင်းတာချက်များကို ကမ္ဘာ့နိုင်ငံအသီးသီးရှိမိုးလေဝသဌာနများနှင့် ခေတ်မီ ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ အသုံးပြုပြီး နေ့စဉ်(၃) နာရီတစ်ကြိမ် သတင်း ဖလှယ်ရေး။

(၄)      ကုန်း၊ ရေ၊ လေကြောင်းခရီးများ လုံခြုံချောမွေ့စေရေးအတွက် ရာသီဥတု သတင်း အချက် အလက် ပံ့ပိုးပေးရေး။

(၅)      ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက် အကူ ပြုရေး။

(၆)      ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အား စဉ်ဆက်မပြတ် လေ့လာသုံးသပ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးမှု စီမံကိန်းနှင့်လုပ်ငန်းများကို ထိရောက်စွာ အကျိုးပြုစေရေး။

 

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲများ

ဇလဗေဒဌာနခွဲ

 

၁။      ဇလဗေဒဌာနခွဲသည် ၁၉၆၆ ခုနှစ်မှစတင်၍ မြစ်ရေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နေ့စဉ် မြစ်ရေခန့်မှန်းချက်များ ထုတ်ပြန်ပေးခြင်း၊ မြစ်ရေကြီးခြင်း သတိပေးချက် နှင့် အခြေအနေသတင်း ထုတ်ပြန်ချက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး၍ ဇလဗေဒ ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးကို ကာကွယ်ပေးလျက် ရှိပါသည်။

၂။      မြန်မာနိုင်ငံ၏ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ စစ်တောင်းမြစ်၊ ဒုဌဝတီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့တွင် စခန်းပေါင်း (၄၆) စခန်းအတွက် မြစ်ရေဆိုင်ရာ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

 

ဇလဗေဒတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေ

 

          ဇလဗေဒဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

 (က)    ဇလဗေဒစခန်း (26) စခန်း

  (ခ)     မိုးလေ၀သနှင့်ဇလဗေဒစခန်း (50) စခန်း

  (ဂ)     လေအရည်အသွေး တိုင်းတာရေးစခန်း (၁) စခန်း

 

ဇလဗေဒဆိုင်ရာတိုင်းတာချက်များ

 

          (က)    မြစ်ရေမှတ် တစ်နေ့ (၃)ကြိမ်

          (ခ )    ရေငွေ့ပျံနှုန်း တစ်နေ့ (၁)ကြိမ်

          (ဂ )    မြစ်ရေအပူချိန် တစ်နေ့ (၃)ကြိမ်

          (ဃ)    ရေစီးနှုန်း (နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (င )    မြစ်ရေထုထည်စီးနှုန်း(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (စ )    သဲနုန်းထုထည်စီးနှုန်း(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

          (ဆ)    မြစ်အောက်ခြေ ကန့်လန့်ဖြတ်ပုံစံ(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)

 

မြေငလျင်ဌာနခွဲ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၏ မြေငလျင်ဌာနခွဲသည် မြေငလျင်တိုင်း စခန်းများ ဖွင့်လှစ်ခြင်း၊ မြေငလျင်တိုင်းစက်များ တပ်ဆင်ခြင်း၊ မြေငလျင်တိုင်းစခန်းများမှ (၂၄)နာရီအချိန်ပြည့် တိုင်းတာချက် မှတ်တမ်းများကို လက်ခံရယူခြင်း၊ မြေငလျင်သတင်း ထုတ်ပြန်ပေးခြင်း၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်း၊ မြေငလျင်အန္တရာယ်လျော့ပါးရေးဆိုင် ရာ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရပါသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနတွင် မြေငလျင်တိုင်းစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ် ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

(က)

မြေငလျင်တိုင်းစခန်း(Analog)စခန်း

(ရန်ကုန်၊ မန္တလေး)

(၂)စခန်း

(ခ)

အင်အားပြင်းမြေငလျင်တိုင်းစခန်း

(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပြည်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ ညောင်ဦး၊ ပဲခူး၊ ပုသိမ်)

(၁၁)စခန်း

(ဂ)

လှိူင်းခွင်ကျယ်မြေငလျင်တိုင်းစခန်း

(ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ စစ်တွေ၊ ထားဝယ်၊ ညောင်ဦး၊ ကသာ၊ ကန့်ဘလူ၊ ဂွ၊ သီပေါ၊ တောင်ငူ၊ တောင်ကြီး၊ ဟားခါး၊ ကျိုင်းတုံ၊ တမူး၊ မြိတ်၊ မြဝတီ)

(၂၁)စခန်း

(ဃ)

ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစနစ်(Global Positioning System-GPS)

ဂျိုးဖြူရေလှောင်တမံ(တိုက်ကြီးမြို့)၊ အင်းက‌လေး(ပဲခူးမြို့)၊ ဝေါမြို့၊ ရှမ်းအိပ်‌တောင်(ကျိုက်ထီးရိုး)၊ ဟားခါးမြို့၊ ရွှေဘိုမြို့၊ မလဲဆည်(စဉ့်ကူးမြို့)၊ နေပြည်တော်(မိုး/ဇလရုံး)၊ ညောင်ဦးမြို့၊ ကသာမြို့၊ တီးတိန်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ သက်ကယ်ကျင်း‌ရွာ(ကလေးဝမြို့)၊ တောကြောင်းရွာ(တန့်ဆည်မြို့)၊ ကနီမြို့။

(၁၆)စခန်း

(င)

 

ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်တိုင်းစခန်း

စစ်တွေ၊ မော်လမြိုင်၊ ဟိုင်းကြီးကျွန်း

(၃)စခန်း

 

မြေငလျင်ဌာနခွဲသည် ပြည်တွင်း/ပြည်ပ မြေငလျင်လှူပ်ရှားမှူ အချက်အလက်များ စုစည်းထိန်းသိမ်းထားရှိလျက် သုတေသနပြုဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံကိန်းများအတွက် အကြံဉာဏ်များပေးခြင်း၊ မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါသည်။

မြေငလျင်နှင့်ဆူနာမီဘေးအန္တရာယ် လျော့ပါးရေးအတွက် မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီတို့နှင့် လက်တွဲပူးပေါင်းပြီးလည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့မြေငလျင်အန္တရာယ် လျော့ပါးရေးအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြေငလျင်အုပ်ချုပ်ရေး အဖွဲ့၊ ဂျပန်နိုင်ငံ မြေငလျင်ပညာရှင်များအဖွဲ့၊ ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ၊ ပစိဖိတ် ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အိန္ဒိယသမုဒ္ဒရာ ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အပြည်ပြည်ဆိုင်ရာသမုဒ္ဒရာကော်မရှင်၊ ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင်သတိပေးရေး ဗဟိုဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံ၏ ငလျင် ဘေးအန္တရာယ်လျော့ပါးရေးအတွက် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အာရှသဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးဗဟိုဌာန (ADPC-Asian Disaster Preparedness Centre)နှင့် ပူးပေါင်း၍ မန္တလေးမြို့ အတွက် ငလျင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေပြမြေပုံအား ရေးဆွဲခဲ့ပါသည်။ ပုံ(၁)

 

map1

ပုံ(၁) မန္တလေးမြို့၏ ငလျင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေပြမြေပုံ

 

         မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံ၏ ဆူနာမီ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှုလျော့ပါးရေးအတွက် ၂၀၁၃ ခုနှစ်တွင် ဒေသတွင်းဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (RIMES-Regional Integrated Multi-hazard Early Warning System)နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အောင်လှိုင်ကျေးရွာအတွက် ဆူနာမီဘေးအန္တရာယ်ကြောင့် ရေလွှမ်းမိုးနိုင်မှုပြမြေပုံ နှင့် ဆူနာမီရေလှိုင်းလွတ်ကင်းရာသို့ရွေ့ပြောင်းရန် ကြာမြင့်ချိန်ပြမြေပုံတို့အား ရေးဆွဲခဲ့ပါသည်။ ပုံ(၂)

 

map2

ပုံ(၂) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အောင်လှိုင်ကျေးရွာ၏ ဆူနာမီဘေးအန္တရာယ်ကြောင့် ရေလွှမ်းမိုးနိုင်မှုပြမြေပုံနှင့် ဆူနာမီရေလှိုင်းလွတ်ကင်းရာသို့ရွေ့ပြောင်းရန် ကြာမြင့်ချိန်ပြမြေပုံ

 

မိုးလေဝသဌာနခွဲ

****************

          မိုးလေဝသဌာနခွဲသည် မိုးလေဝသဆိုင်ရာခန့်မှန်းချက်များ၊ သတိပေးချက်များကို ကြိုတင်ပြီးအချိန်မီ ထုတ်ပြန်ပေး၍ ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံတော်အဖွဲ့အစည်းများနှင့် လုပ်ငန်းများအတွက် မိုးလေဝသဆိုင်ရာ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ တည်ဆောက်ရေး၊ စက်မှုလုပ်ငန်းစသည့် ကဏ္ဍအသီးသီး၏ စီမံကိန်းများနှင့် နေ့စဉ်လည်ပတ်မှုလုပ်ငန်းများအတွက် လိုအပ်သောမှတ်တမ်းများ၊ ခန့်မှန်းချက်များ၊ စူးစမ်း လေ့လာချက်များအကြံပြုချက်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီဆောင်ရွက်လျက်ရှိသည်။

 

မိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

********************************************

          မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မိုးလေဝသဌာနခွဲလက်အောက်တွင် (၁၂.၃.၂၀၁၃)ဖွဲ့စည်းပုံ အရ-

(၁)       မိုးလေဝသဌာနခွဲ

(၂)       လေကြောင်းမိုးလေဝသဌာနခွဲ

(၃)       စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ တို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။

 

မိုးလေဝသတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

*********************************************************

          မြေပြင်နှင့် အထက်လေထုဆိုင်ရာ မိုးလေဝသအချက်အလက်များကို စောင့်ကြည့်၍ ခန့်မှန်းချက်နှင့် သတိ ပေးချက်များ ထုတ်ပြန်နိုင်ရန်အတွက်  တိုင်းတာရေးစခန်း/ရုံးများမှာ ဖွင့်လှစ်ထားရှိပြီး မိုးလေ၀သတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြေပြင်မိုးလေဝသတိုင်းတာရေးစခန်း (၅၁)စခန်း၊ မိုးလေဝသနှင့် ဇလဗေဒ တိုင်းတာရေးစခန်း(၅၀)စခန်း၊ စိုက်ပျိုးရေး မိုးလေဝသတိုင်းတာရေးစခန်း(၁၇)စခန်း၊  လေကြောင်းမိုးလေဝသ ခန့်မှန်းရေးရုံး(၁၀)ရုံးနှင့် ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် တိုင်းတာရေးစခန်း (၃)စခန်း တို့ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစ၍ ထိုင်းနိုင်ငံအခြေစိုက်ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင် သတိပေးစနစ်(RIMES)နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာ တိုင်းတာရေးစခန်း (၁၇)ခုကို အလိုအလျောက် မိုးလေဝသတိုင်းတာရေးစနစ်(AWOS)များ တပ်ဆင်ပြီး အဆင့်မြှင့် တင်ခြင်း၊ မြေပြင်မိုးလေ၀သတိုင်းတာရေးစခန်းများတွင်လည်း အလိုအလျှောက် မိုးလေဝသတိုင်းတာရေးစနစ် (AWS)များဖြင့် အဆင့်မြှင့်တင်လျက်ရှိရာ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ အထောက်အပံ့ဖြင့် စခန်း(၃၀)တွင်လည်းကောင်း၊ ကိုရီးယား မိုးလေဝသဌာန(KMA)၏ အကူအညီဖြင့် စခန်း(၄၀) တွင်လည်းကောင်း၊ ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ နည်းလမ်း(IRM) အစီအစဉ်ဖြင့် (၈၈)စခန်းတို့တွင် လည်းကောင်း တပ်ဆင်၍ တိုင်းတာသည့်အချက်အလက်များကို ရယူအသုံးပြုလျက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့ဘဏ် ၏ ချေးငွေဖြင့် ဆောင်ရွက်သည့် AIRMB Project Component – 2 (DMH) အောက်ရှိ Upper Air Radio Sonding Equipment မိုးလေ၀သဆိုင်ရာလုပ်ငန်းသုံး အထက်လေကြောင်းတိုင်း ကိရိယာများအားဝယ်ယူ ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အထက်လေကြောင်းတိုင်းတာရေးစခန်းများတွင် တပ်ဆင်ခဲ့ပြီး အထက်လေထုဆိုင်ရာ အချက် အလက်များ တိုင်းထွာခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

 

မိုးလေဝသဆိုင်ရာတိုင်းတာသည့်အချက်အလက်များ

************************************************

          ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ သတ်မှတ်ထားသည့် အချိန်များအတိုင်းတိုင်းတာရေးစခန်းများမှ တိုင်းထွာချက် များကို တိုင်းတာရယူပြီးရုံးချုပ်သို့ ပေးပို့ရသည်။ တိုင်းတာရေးစခန်းများအလိုက် တိုင်းတာသည့် တိုင်းထွာချက် များမှာ အောက်ပါအတိုင်းဖြစ်သည် -

 

မြေပြင်မိုးလေဝသဆိုင်ရာ တိုင်းတာသည့် အချက်အလက်များနှင့် တိုင်းထွာချက်ယူသည့် အကြိမ်အရေအတွက်

*********************************************************************************************

          မိုးရေချိန် တစ်နေ့ (၆)ကြိမ်၊ အပူချိန်(အမြင့်ဆုံး/အနိမ့်ဆုံး) တစ်နေ့ (၁)ကြိမ်၊ အခြောက်အပူချိန်တိုင်း/ အစိုအပူချိန်တိုင်းတစ်နေ့ (၆)ကြိမ်၊ လေတိုက်နှုန်းတစ်နေ့ (၆)ကြိမ်၊ လေတိုက်ရာအရပ် တစ်နေ့ (၆)ကြိမ်၊ လေထုဖိအားတစ်နေ့ (၆)ကြိမ်၊ တိမ်ဖြစ်ပေါ်မှုတစ်နေ့ (၆)ကြိမ်၊ စိုထိုင်းဆတစ်နေ့ (၆)ကြိမ်၊ ရေငွေ့ပျံနှုန်းတစ်နေ့ (၂)ကြိမ်၊ အဝေးမြင်တာအခြေအနေတစ်နေ့ (၆)ကြိမ်၊ မြေဆီလွှာအပူချိန် တစ်နေ့ (၆)ကြိမ်နှင့် နေပူချိန် တစ်နေ့ (၁)ကြိမ်တို့ဖြစ်သည်။ မိုးလေဝသစခန်း၊ စိုက်ပျိုးရေးမိုးလေဝသစခန်းနှင့် လေကြောင်းမိုးလေဝသစခန်းများသည် ပုံမှန်တိုင်းတာချက်များကိုသတ်မှတ်ချိန်များတွင် တိုင်းတာရပြီးမုန်တိုင်းဖြစ်ပေါ်စဉ် သို့မဟုတ် မြစ်ရေကြီးနိုင်မည့် အချိန်/မြစ်ရေကြီးစဉ် အချိန်များတွင် တိုင်းတာချက်များကို တစ်နာရီလျှင် တစ်ကြိမ် တိုင်းထွာချက်ရယူရသည်။

 

အထက်လေထု၏ မိုးလေဝသဆိုင်ရာ တိုင်းတာသည့်အချက်အလက်များနှင့် တိုင်းထွာချက်ယူသည့် အကြိမ် အရေအတွက်

**************************************************************************************************

          အထက်လေထု၏ မိုးလေ၀သအချက်အလက်များ တိုင်းထွာခြင်းကို (၁၂-၁၀-၂၀၂၀)ရက်နေ့မှစ၍ တိုင်းတာလျက်ရှိပြီး တစ်နေလျှင် (၁)ကြိမ် (မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအတွက် ) Upper Air Radio Sonding ကိုနေ့စဉ်ပုံမှန်လွှတ်တင်တိုင်းတာလျက်ရှိပါသည်။

 

လေကြောင်းမိုးလေဝသဆိုင်ရာတိုင်းတာသည့် အချက်အလက်များ

*******************************************************

            မိုးရေချိန် နာရီဝက် (၁)ကြိမ်၊ လေတိုက်ရာအရပ်နှင့် လေတိုက်နှုန်း၊ အပူချိန်၊ စိုထိုင်းဆ၊ နှင်းဖြစ်မှတ်၊ လေထုဖိအား၊ အဝေးမြင်တာတို့အား မိနစ်(၃၀)လျင် (၁)ကြိမ်နှင့် မိုးရေချိန် (၃)နာရီလျင် (၁)ကြိမ် တိုင်းတာပြီး အခါအားလျှော်စွာ ဖြစ်ပေါ်တက်သော မြူ၊ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်း အခြေအနေများအား လေကြောင်းထိန်းသို့လည်းကောင်း၊ မိမိတို့ Yangon FIR အတွင်း ဖြစ်ပေါ်လျက်ရှိသည့် Icing နှင့် Thunderstorm အခြေအနေများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလေကြောင်းအဖွဲ့အစည်းသို့လည်းကောင်း သတ်မှတ်ချိန် အတိုင်းပေးပို့ပါသည်။

 

ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့် တိုင်းတာရေးစခန်း

***********************************************

            ပင်လယ်ရေအနိမ့်အမြင့် တိုင်းတာရေးစခန်း (၃)စခန်းတွင် အလိုအလျောက် တိုင်းတာရေး တပ်ဆင် ထားသဖြင့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိုင်းထွာချက်များ ရရှိပါသည်။ 

 

မိုးလေဝသရေဒါစခန်း

********************

            ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများအခြေအနေ၊ မိုးရွာသွန်းမှုအခြေအနေနှင့် လေတိုက်ခတ်မှုအခြေအနေများကို စောင့်ကြည့်ရန်အတွက် မိုးလေ၀သရေဒါစခန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ အထောက်အပံ့ဖြင့် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူတို့တွင် မိုးလေ၀သ ရေဒါများ တပ်ဆင်၍ နေ့စဉ် (၂၄)နာရီ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

ထုတ်ပြန်သည့် ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ

*******************************************************

            မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးသည့် ခန့်မှန်းချက်/သတိပေးချက်နှင့် အခြေအနေသတင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

 

ခန့်မှန်းချက်များ

***************

            နေ့စဉ်မိုးလေဝသခန့်မှန်းချက်၊ (၁၀)ရက်ပတ် မိုးလေဝသခန့်မှန်းချက်၊ လအလိုက် မိုးလေဝသခန့်မှန်းချက်၊ မိုးရာသီ/ဆောင်းရာသီကာလယေဘုယျ မိုးလေဝသခန့်မှန်းချက်၊ မိုးဦး/မိုးလယ်/မိုးနှောင်းမိုးလေဝသခန့်မှန်းချက်၊ ဘင်္ဂလားပင်လယ်အော်၊ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျောက် ခန့်မှန်းချက်၊ ပင်လယ်ပြင်ခရီး မိုးလေဝသခန့်မှန်းချက်၊  လေဆိပ်များအတွက်ခန့်မှန်းချက်နှင့် အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်အတွက် မိုးလေဝသ ခန့်မှန်းချက်တို့ဖြစ်သည်။

 

သတိပေးချက်များ

*****************

            မုန်တိုင်းသတိပေးချက်၊ မုန်တိုင်းဒီရေသတိပေးချက်၊ လေပြင်းတိုက်မည့်သတိပေးချက်၊ ဆိပ်ကမ်းများ သတိပေးချက်၊ အချိန်အခါမဟုတ် မိုးရွာမည့်သတိပေးချက်၊ မိုးကြီးမည့်သတိပေးချက်၊ မြူထုဆိုင်းမည့် သတိပေးချက်၊ လေဆိပ်များတွင် ထူးခြားသည့်မိုးလေဝသအခြေအနေသတိပေးချက်နှင့် လေဆိပ်များတွင် ဆိုးရွားသည့်မိုးလေဝသအခြေအနေသတိပေးချက်၊ ညအပူချိန်လျော့နည်းမည့် အခြေအနေသတင်း၊ နေ့အပူချိန်များ မြင့်တက်နေသည့် အခြေအနေသတင်း၊ ထူးခြားမိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ ထုတ်ပြန်ချက်၊ နွေကာလ/မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင် သတိပေးနိုးဆော်ချက်တို့ဖြစ်သည်။

 

သတင်းထုတ်ပြန်ချက်

*******************************

            မိုးရေချိန်/အပူချိန်စံချိန်သစ်၊ လပတ်၊ (၁၀)ရက်ပတ် စိုက်ပျိုးရေးမိုးလေဝသစာစောင်၊ ဘင်္ဂလား ပင်လယ်အော်အခြေအနေသတင်း၊ အနောက်တောင်မုတ်သုံလေအခြေအနေ၊ လေဖိအားနည်းရပ်ဝန်း အခြေအနေ ထုတ်ပြန်ချက်နှင့် လာနီညာ/ အယ်နီညိုအခြေအနေသတင်းတို့ဖြစ်သည်။

            ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများထုတ်ပြန်သည့် လုပ်ငန်းများဆောင်ရွက်သည့် နည်းတူ သုတေသနစာတမ်းများပြုစုရေးသားခြင်း၊ ဘာသာရပ်ဆိုင်ရာဆောင်းပါးများရေးသားဖော်ပြပေးခြင်း၊ လက်ကမ်း စာစောင်များ ပြုစုထုတ်ဝေခြင်း၊ ဘာသာရပ်ဆိုင်ရာအစီရင်ခံစာများပြုစုရေးသားခြင်း၊ ရေဒီယို/ရုပ်မြင်သံကြားတွင် ဘာသာရပ်ဆိုင်ရာတွေ့ဆုံမေးမြန်းခန်းရိုက်ကူးထုတ်လွှင့်ခြင်း၊ ဘာသာရပ်ဆိုင်ရာဟောပြောပို့ချပေးခြင်း၊ သုတေသန စာတမ်းပေါင်းချုပ်စာအုပ်ပြုစုခြင်း၊ ဆောင်းပါးပေါင်းချုပ် စာအုပ်များပြုစုခြင်းပညာပေးစာစောင် ပြုစုထုတ်ဝေခြင်း များကိုဆောင်ရွက်သည်။

 

ရာသီဥတုပြောင်းလဲခြင်း

***********************

            မိုးလေဝသဌာနခွဲမှ မြန်မာနိုင်ငံ၏ ရာသီဥတုဝန်ဆောင်မှုပိုမိုတိုးမြှင့်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် အနာဂတ်အလားအလာတွက်ထုတ်ခြင်းများ၊ ရာသီဥတုပြောင်းလဲမှုကိုဆန်းစစ်လေ့လာခြင်းတို့ကိုဆောင်ရွက်လျက် ရှိပါသည်။

 

စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ

************************

စိုက်ပျိုးရေးမိုးလေဝသဌာနစိတ် စတင်တည်ထောင်ခြင်း

************************************************

            စိုက်ပျိုးရေးမိုးလေဝသဌာနစိတ်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၁၉၇၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ရာ တွင် လိုအပ်သော အထောက်အကူများ၊ မိုးလေဝသအချက်အလက်များ ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။ စိုက်ပျိုးရေး မိုးလေဝသစခန်းများကို စိုက်ပျိုးရေးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၉၇၀ မှ ၁၉၈၂ ခုနှစ်အတွင်း စိုက်ပျိုးရေး မိုးလေဝသစခန်း (၆)စခန်းကို စိုက်ပျိုးရေးခြံများတွင် ဖွင့်လှစ်ပေးလျက် စိုက်ပျိုးရေးအတွက် လိုအပ်သောမှတ်တမ်း အချက်အလက်များ ပံ့ပိုးပေးခဲ့ပါသည်။

            ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အထောက်အပံ့များအရ (၄-၉-၈၀) မှ (၃-၁၀-၈၀) ရက်အထိ WMO Consultant Mission လာရောက်ကာ Bur/80/016 Development of Meteorological Services to Agriculture in Burma စီမံချက်ကိုချမှတ်ပေးခဲ့ရာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှစတင်၍ စိုက်ပျိုးရေးမိုးလေဝသဌာနစိတ်မှ၊ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲအဖြစ် စတင်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

 

စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

****************************************************

            စိုက်ပျိုးရေးမိုးလေဝသဌာနခွဲသည် နိုင်ငံအတွင်း စိုက်ပျိုးရေးမိုးလေဝသစခန်း (၁၇)ခုဖွင့်လှစ်ထားရှိလျက် စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာအချက်အလက် တိုင်းတာချက်များကိုရယူခြင်း၊ စိစစ်ခြင်း၊ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ရပါသည်။ အဆိုပါဌာနခွဲမှ လစဉ် စိုက်ပျိုးရေးမိုးလေဝသစာစောင်ကို ၁၉၉၃ ခုနှစ် ဇွန်လမှ စတင်၍ တစ်လလျှင်(၃)ကြိမ် (၁၀ ရက်လျှင်တစ်ကြိမ်) ပြုစုထုတ်ဝေခြင်းကိုဆောင်ရွက်လျက်ရှိသည်။ ထိုအပြင် အပတ်စဉ် တနင်္လာနေ့တိုင်းထုတ်ဝေသော တောင်သူလယ်သမားကြီးများဂျာနယ် (Farmer Journal) တွင် ဖော်ပြပေးလျက် ရှိသောစိုက်ပျိုးရေးမိုးလေဝသဆိုင်ရာခန့်မှန်းချက်များကို ၂၀၁၂ခုနှစ်၊ ဇူလိုင်လမှစတင်၍လည်းကောင်း၊ အပတ်စဉ် သောကြာနေ့တိုင်းထုတ်လွင့်ပေးလျက်ရှိသော Farmer Channel တွင် စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာခန့်မှန်းချက် များကို၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ လည်းကောင်းပြုစုပေးပို့လျက်ရှိပါသည်။ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်း ဘက်စုံသဘာဝဘေးကြိုတင် သတိပေးစနစ်(RIMES)နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် SESAME Application (Mobile & computer based) တွင် စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာခန့်မှန်းချက်များ (၅ ရက်နှင့် ၁၀ ရက်စာ) ကိုလည်းကောင်း၊ စခန်း (၉)ခု(ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာ၊ ချောက်၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ ဘားအံ)၏ (၃)ရက်စာ SESAME ခန့်မှန်းချက်များကို Face book တွင်လည်းကောင်း၊  ဖော်ပြပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲအနေဖြင့် ကမ္ဘာ့ဘဏ် (WB)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) တို့နှင့် ပူးပေါင်း၍ လက်ရှိထုတ်ဝေလျက်ရှိသော စိုက်ပျိုးရေးမိုးလေဝသစာဆောင် အဆင့်မြှင့်တင်နိုင်ရေးကိုဆောင်ရွက်လျက်ရှိပါသည်။

            စိုက်ပျိုးရေးစီမံကိန်းများတွင် လိုအပ်နေသော စိုက်ပျိုးသီးနှံ အမျိုးအစား ‌ရွေးချယ်မှု၊ စိုက်ပျိုးသီးနှံသက်တမ်း ရွေးချယ်မှု၊ စိုက်ချိန်ပျိုးချိန်နှုတ်ချိန်သတ်မှတ်မှု သီးနှံရာသီဥတုပြက္ခဒိန် (Crop Weather Calendar) ရေးဆွဲမှု၊ သီးနှံပိုးမွှားကျရောက်မှုဘေးမှကာကွယ်မှု၊ ဆည်ရေ ပေးဝေရေးဆိုင်ရာ စီမံကိန်းများချမှတ်နိုင်မှုစသည်တို့အတွက် လိုအပ်သော မိုးလေဝသနှင့် ဇလဗေဒ၊ စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာ ရာသီဥတုအချက်အလက်များကို ပံ့ပိုး ပေးလျက်ရှိသည်။

 

လေကြောင်းမိုးလေဝသဌာနခွဲ

*************************

လေကြောင်းမိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

*******************************************************

လေကြောင်းမိုးလေဝသဌာနခွဲသည် လေကြောင်းမိုးလေဝသခန့်မှန်းရေးရုံး (၁၀)ရုံးကို အောက်ပါဒေသများတွင် ဖွင့်လှစ်ထားရှိပြီး လေကြောင်းမိုးလေဝသဆိုင်ရာ တိုင်းထွာချက်များတိုင်းတာရယူခြင်း၊ လေကြောင်းခရီးစဉ်များ အတွက် ခန့်မှန်းချက်များထုတ်ပြန်ပေးခြင်းကို ၂၄ နာရီအချိန်ပြည့် တာဝန်ယူဆောင်ရွက်ပေးသည် -

            နေပြည်တော်လေဆိပ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မှော်ဘီလေတပ်စခန်းဌာနချုပ်၊ မိတ္ထီလာ လေတပ်စခန်းဌာနချုပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ တောင်ငူ လေတပ်စခန်းဌာနချုပ်၊ နမ့်စန်လေတပ်စခန်းဌာနချုပ်၊ ချမ်းမြသာစည်လေဆိပ်၊ ညောင်ဦးလေဆိပ်တို့ ဖြစ်သည်။

            လေကြောင်းမိုးလေဝသခန့်မှန်းရေးရုံးများသည် နေ့စဉ် ပြည်တွင်း/ပြည်ပပျံသန်းနေသော ခရီးသည်တင် လေယာဉ်များနှင့် တပ်မတော်လေယာဉ်များအတွက် လေကြောင်းခရီးစဉ်တစ်လျောက် ခန့်မှန်းချက်များထုတ်ပြန် ပေးခြင်း၊ လေဆိပ်အသီးသီး၏ မိုးလေဝသအခြေအနေများကို ထုတ်ပြန်ပေးခြင်းများ၊ အထူးမိုးလေဝသ တိုင်းထွာချက်များကို ထုတ်ပြန်ပေးခြင်းအပြင် အထူးလေကြောင်းခရီးစဉ်များအတွက် လိုအပ်သော မိုးလေဝသ ခန့်မှန်းချက်များကိုထုတ်ပြန်ပေးသည်။

            လေကြောင်းသိပ္ပံနှင့် လေတပ်စခန်းဌာနချုပ်များတွင် လေယာဉ်မှူးများအတွက် လေကြောင်းမိုးလေဝသ ဆိုင်ရာသင်တန်းပို့ချပေးခြင်း၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ လေကြောင်းထိန်းရုံးဝန်ထမ်းများအား လေကြောင်းမိုးလေဝသဆိုင်ရာ သင်တန်းပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ လေကြောင်းမတော်တဆ ဖြစ်မှုများရှိသည့်အခါ မိုးလေဝသအခြေအနေများရှင်းလင်းပြောကြားခြင်းနှင့် အစီရင်ခံစာပြုစုပေးခြင်းကိုလည်း ဆောင်ရွက်ပေးသည်။

 

ရေဒါနှင့် အဏ္ဏဝါ မိုးလေဝသဌာနစု

******************************

ရေဒါနှင့် အဏ္ဏဝါ မိုးလေဝသဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်များ

*********************************************************

            ရေဒါနှင့် အဏ္ဏဝါမိုးလေ၀သဌာနစုကို ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး လေကြောင်း မိုးလေဝသဌာနခွဲအောက်တွင် ထားရှိကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဂျပန်နိုင်ငံအစိုးရ၏ Grant Aid အထောက်အပံ့ဖြင့်ဆောင်ရွက်သည့်ဆိုးသည့် မိုးလေ၀သ ဖြစ်စဉ်များ စောင့်ကြည့်ရေးစနစ်ထူထောင်ခြင်း စီမံကိန်းအရ မိုးလေ၀သရေဒါများကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူ တို့တွင် တပ်ဆင်ထားပြီးဖြစ်ရာ အဆိုပါ မိုးလေ၀သရေဒါစခန်းများမှ တိုင်းထွာချက်မှတ်တမ်းများ ပုံမှန်ရရှိရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊ ပင်လယ်ရေ မျက်နှာပြင် အနိမ့်အမြင့်တိုင်းတာရေး စခန်းများမှ တိုင်းထွာ ချက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်း၊ တစ်လစာစုဆောင်း၍ (၃)လအတွက် ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် ခန့်မှန်းတွက်ချက်ခြင်း၊ အလိုအလျောက် မိုးလေ၀သစနစ်တပ်ဆင်ထားသည့် တိုင်းတာရေးစခန်းများမှ မိုးလေ၀သအချက်အလက်များကို လူဖြင့်တိုင်းထွာ သည့် အချက်အလက်များဖြင့် နှိုင်းယှဉ်ခြင်း၊ ပင်လယ်ပြင် မိုးလေ၀သခန့်မှန်းချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပါသည်။