ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ဖိတ်ကြားမှုအရ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပပြုလုပ်သည့် (၁၀)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

(၁၀)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌတို့ ပါဝင်တက်ရောက်သည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး  Mr. Anton Kobyakov အား တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr. SHATIROV Sergey Vladimirovich ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊  စိုက်ပျိုးရေး ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ပူပေါင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် Russia-ASEAN Business Dialogue အစီအစဉ်တွင် Panelist  အနေဖြင့် တက်ရောက်၍  ရုရှား-အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊   ရုရှား-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့်နည်းလမ်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ ဈေးကွက်များကို ချဉ်းကပ်ရမည့် ဘုံနည်းလမ်းများ၊ ရုရှားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှရုားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Valerievich KARA-OOL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊  လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူပေါင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr.Ivan Viktorovich Polyakov နှင့်တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆန်စပါး၊ ကော်ဖီ၊ သရက်သီးနှင့် ရေထွက်ကုန်ပစ္စည်းများတင်ပို့ရေးအပါအဝင်  ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ လျှပ်စစ် ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ဆွေးနွေးကြပြီး ဖိုရမ်၌ပြသထားသော ပြခန်းများအား လေ့လာကြည့်ရှုကြသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SYNERGY Corporation မှ International Recruitment Agency Director ဖြစ်သူ Ms. Lidia Filatova အား လက်ခံတွေ့ဆုံ ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လိုသူ နိုင်ငံသားများအတွက် အခွင့်အလမ်းများနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

တစ်ချိန်ထဲတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်မှ “ Global South and East : who will lead the new growth economy” ခေါင်းစဉ်ဖြင့်ကျင်းပသော စားပွဲဝိုင်းဆွေးနွေးပွဲတွင် Speaker အဖြစ် တက်ရောက်ဆွေးနွေးခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြသည်။ အဆိုပါ ဆွေးနွေးမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆင့်ကဲ တိုးတက်ပြောင်းလဲလာမှု၊ စီးပွားရေးတိုးတက်မှု အခင်းအကျင်းပုံစံသစ်၊ စီးပွားရေးတိုးတက်မှု အခင်းအကျင်းပုံစံသစ်ကို ဦးဆောင်မည့်သူ၊ ရုရှားနှင့်တရုတ်နိုင်ငံတို့ကဲ့သို့ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံရေးနှင့် SCO ၊ BRICS နှင့် EAEU တို့ကဲ့သို့ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍနှင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်အစီအမံများကို ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး  H.E. Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင်တက်ရောက်သည်။ အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးသည်။ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr.Sonsan Siphandon၊ မွန်ဂိုးလီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Gombojavyn Zandanshatarနှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယဥက္ကဌ H.E. Mr. Li Hong Zhong တို့မှ ဆွေးနွေးဘက်များအဖြစ် ပါဝင်ဆွေးနွေး သည်။ သမ္မတပူတင်က ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရုရှားအရှေ့ဖျားနှင့် အာတိတ် ဒေသအား ဒုတိယအထူးဦးစားပေး စီးပွားရေးဒေသအဖြစ် သတ်မှတ်သွားရန်ရှိကြောင်း၊ အနာဂတ် တွင် အာရှနှင့် ဥရောပတို့အကြား မြောက်ဖက်ပင်လယ် ရေလမ်းကြောင်းမှာ  များစွာ အရေးကြီး လာမည်ဟု ရှုမြင်ထားကြောင်း၊ ယင်းအတွက် အာတိတ်ဒေသဖြတ်သန်း စင်္ကြံထူထောင်မည်ဖြစ် ပြီး ဆိုက်ဘေးရီးယားဒေသမြစ်ကြောင်းများကို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအတွက် အသုံးပြုနိုင်မှု အလားအလာကောင်းများရှိကြောင်း ၊ အရှေ့ဖျားဒေသတွင် ဒရုန်းယာဉ်များအသုံးမှု ကျယ်ပြန့်လာစေရေးအတွက် စမ်းသပ်လုပ်ဆောင်လျက်ရှိကြောင်း ၊ ရုရှားနိုင်ငံ၏စီးပွားရေး တုန့်ဆိုင်းခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ လုံခြုံရေး အာမခံချက်အပေါ် ရုရှားနိုင်ငံအနေဖြင့် အလေးထားကြောင်း၊ အာမခံချက်ရရှိစေရန် နှစ်ဘက်စလုံးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအတွင်းရှိ မည်သည့် နိုင်ငံ/တပ်ဖွဲ့ကို မဆို ဥပဒေအရ တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

မျက်နှာစုံညီအစည်းအဝေးအပြီးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး  H.E. Mr. Maksim Reshetnikov နှင့် GAZPROM ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အလားအလာကောင်း၍ အာမခံချက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် ရှာဖွေတူးဖော်ထုတ်လုပ်ရေးနှင့် မြန်မာနိုင်ငံတွင် Feasibility Study ပြုလုပ်ထားပြီးဖြစ်သည့် ရေနက်ဆိပ်ကမ်းများနှင့် တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းများကို အသုံးပြု၍ LNG Hub ကဲ့သို့သော Energy Trading ပြုလုပ်နိုင်မည့် အခွင့်အလမ်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းများရှိမှုနှင့်  နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Valdivostok မြို့ရှိ Medical Center သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်အတူ စက်ရုပ်အသုံးပြု၍ ခွဲစိတ်မှုများ(Robotic Surgery)၊ AI နည်းပညာအသုံးပြု၍ မှန်ပြောင်းကြည့်ခွဲစိတ်ကုသမှုများ (Endoscopic Surgery)၊ ကလေးကုသဆောင်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့်ဦးခေါင်းဌာန၊  ပြန်လည်သန်စွမ်းရေးဌာနများသို့ ကြည့်ရှုပြီး အဆိုပါဆေးရုံရှိ ဆေးကုသမှုအခြေအနေများ၊ နိုင်ငံတကာဆေးကျောင်းသားများ တက်ရောက်သင်ကြားပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသားများ စေလွှတ်ပြီး ဆေးလက်တွေ့ သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရေးနှင့် အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုဖြစ်စေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ ယခု ကျင်းပသည့် (၁၀) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၇၅)နိုင်ငံမှ အကြီးအကဲများ၊ အစိုးရအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၇၀၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန