Workshop on Mobile Regulation for Socio- Economic Development ဒုတိယဝန်ကြီး တက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Alliance for Affordable Internet (A4AI) တို့ ပူးပေါင်းစီစဉ်မှုဖြင့် Workshop on Mobile Regulation for Socio- Economic Development အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက် (၀၉:၃၀) အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ Alliance for Affordable Internet (A4AI) Executive Director ဖြစ်သူ Ms. Sonia Jorge, GSM Association မှ Ms. Ronda Zelen zy-Green ၊ ဖိတ်ကြားထားသည့် ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အော်ပရေတာများ၊ ICT Industry မှ ကိုယ်စားလှယ်များ ပါ၀င်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ အဖွင့်အမှာစကားပြောကြားရာဆက်သွယ်ရေးနှင့်အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ဆောင်ရွက်ခဲ့ရာယခုဆိုလျှင် ပြည်သူများအနေဖြင့် အော်ပရေတာများထံမှ ဆက်သွယ်ရေး ၀န်ဆောင်မှုများအား စျေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်ရွေးချယ် သုံးစွဲနိုင်လာပြီဖြစ်ကြောင်း၊ လူတိုင်း မိုဘိုင်းဆက်သွယ်မှုကို ရယူ အသုံးပြုနိုင်ပြီဖြစ် သည့် အားလျော်စွာ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှု (Mobile Peneration) တိုးတက်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာခြင်းနှင့်အတူ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးခြင်းဖြင့် အခြားသော စီးပွားရေး ကဏ္ဍများပါ ဆက်စပ်ဖွံ့ဖြိုး လာမည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လူတိုင်း Broadband Internet အသုံးပြုနိုင်ရေးအတွက် Infrastructure ပိုင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ဌာနဆိုင်ရာများ၊ Industry မှ တာဝန်ရှိသူများအနေနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် GSM Association မှ ကျွမ်းကျင်သူ Ms. Ronda မှလည်း Mobile နည်းပညာအား စီးပွားရေးဖွံ့ဖြိုးမှုအတွက် Key Driver အဖြစ် အသုံးပြုနိုင်ပုံ၊ တိုင်းပြည်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ပုံ၊ အကျိုးသက်ရောက်မှုများအား International Best Practices များနှင့်အတူ Country Experience များကို ဆွေးနွေးသွာမည်ဖြစ်သည့်အတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ သက်ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံများအပေါ် အခြေခံကာ မိုဘိုင်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးမှု အထောက်အကူပြုစေရန် ရည်ရွယ်ကာ တက်ကြွစွာပါ၀င် ဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် A4AI မှ Executive Director ဖြစ်သူ Ms. Sonia Jorge မှ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦးမှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြား ပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိုဘိုင်းဆက်သွယ်ရေးနည်းပညာအား အဓိက မောင်းနှင်အား (Key Driver) အဖြစ် အသုံးပြုနိုင်မှု၊ အကျိုးသက်ရောက်မှု၊ Mobile Broadband အား လူတိုင်းအသုံးပြုနိုင်ရေး (Affordable Access) အတွက် International Best Practices များ၊ Regulatory Models တို့အား A4AI, GSMA မှ ကျွမ်းကျင်သူများနှင့် တက်ရောက်လာကြသူများအကြား ဆွေးနွေးသွားကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ(၂၁)ရက် (ကြာသပတေးနေ့) အထိ (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲနှင့် တစ်ဆက်တစ်စပ်တည်း A4AI- Myanmar Coalition Meeting အစည်းအဝေးအား ဇူလိုင်လ (၂၂)ရက် (သောကြာနေ့)တွင် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဦးစားပေး အစီအစဉ် များအဖြစ် Infrastructure Sharing and Deployment, Universal Service and Access Fund, Taxation and Tariff နှင့် Data and Research တို့နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ Coalition Member များဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေး သွားကြမည် ဖြစ်ပါသည်။

The Alliance for Affordable Internet (A4AI) သည်Affordable Internet Access ဖြစ်စေရေးအတွက် ကမ္ဘာတစ်လွှားမှ ဆက်သွယ်ရေးနှင့် အိုင်စီတီဆိုင်ရာဌာန အဖွဲ့အစည်းများ၊ Industry Leader များ၊ Civil Society မှ တာဝန်ရှိသူများ ပါ၀င်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် A4AI အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ အစည်းအဝေးများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် A4AI တို့ ပူးပေါင်းလျက် ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိ်ပါသည်။