Web Design HTML5 and CSS3 နှင့် Windows Server Administration Course-I သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Web Design HTML5 and CSS3 နှင့် Windows Server Administration Course- သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇွန်လ (၅) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား (၅၄)ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Web Design HTML5 and CSS 3 သင်တန်းသည် e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများ၏ ကိုယ်ပိုင် Website များလွင့်တင်ထားရာတွင် လိုအပ်သော Web Design အခြေခံများသိရှိနားလည်ပြီး  မိမိတို့ဌာနများရှိ Websites များ၏ User Interface (UI)/ User Experience (UX) ပိုင်းကို သေချာနားလည် သဘောပေါက်ပြီး HTMl5 နှင့် CSS3 Language ကို အသုံးပြု၍ Static Web Pages များကို အသုံးပြု၍  ပြုပြင်ဖန်တီး တည်ဆောက်နိုင်စေရန်  ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် Windows Server Administration  Course-I သင်တန်းသည် Windows Server  Operating System ၏ Active Directory Domain Services ၊ Internet Information Services ၊ Domain Name System၊ DHCP Services စသည့် Windows Application Server တို့ကို အခြေခံအားဖြင့် Installation၊ Configuration နှင့် Operation ပြုလုပ်ပုံတို့အား သင်ကြားပို့ချမည်ဖြစ်ကြောင်း နှင့် Windows Server ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး Server Administrator တစ်‌ယောက်အနေနဲ့ မိမိဌာနအတွင်း ပြန်လည် လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရန်၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် နှင့် မိမိ တို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်သည်အထိ ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Web Design HTML5 and CSS3 သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး Windows Server Administration Course-I သင်တန်းသည် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။