Myanmar National Portal တည်ဆောက်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

 

မြန်မာနိုင်ငံရှိ အစိုးရ အဖွဲ့အစည်းများ အသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-service များအား တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ လွယ်ကူ လျင်မြန်သော၊ ကောင်းမွန် ထိရောက်သော Single Window Public Services ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ကာ Myanmar National Portal တည်ဆောက်ခြင်း စီမံကိန်း‌အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် Myanmar National Portal တွင် ပါဝင်မည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မိတ်ဆက် ရှင်းလင်း တင်ပြခြင်း၊ Myanmar National Portal တည်ဆောက်ရာတွင် လိုအပ်သော အချက်အလက်များအား စစ်တမ်းများ ကောက်ယူခြင်း၊ အစရှိသည့် လုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ “Myanmar National Portal  အလုပ်ရုံ ဆွေးနွေးပွဲ” အား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက်  စီမံကိန်းဒါရိုက်တာဖြစ်သူ ဒေါ်နွယ်နီစိုးရင်က  Myanmar National Portal စီမံကိန်းအား မိတ်ဆက် ရှင်းလင်း၍ ဝန်ကြီးဌာနများမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်သော အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဗီယက်နမ်နိုင်ငံ FPT Information System  မှ တာဝန်ရှိသူက Myanmar National Portal တွင် ထည့်သွင်း တည်ဆောက်သွားမည့် Features နှင့် Service များ အကြောင်းကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ (၄) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။