MYANMAR CYBER SECURITY CHALLENGE 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်

Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၌ ယနေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်/သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦး တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး UI$ Team အသင်းက ပထမ၊ n00b_779082 အသင်းက ဒုတိယနှင့် U_SH3LL အသင်းက တတိယ အသီးသီးရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို  ဆုများချီးမြှင့်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ၇ ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ အနိုင်ရ ထူးချွန်သူများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် ကျင်းပပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်းသတင်းရရှိသည်။