IT Service Management နှင့် Information Security သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) IT Service Management နှင့် Information Security သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးနှင့်တကွ၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်းသင်တန်းသား ( ၆၀ )ဦးတို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုးက IT Service Management နှင့် Information Security အသုံးချမှုများ သိရှိနားလည်ပြီး ဌာနများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် CIO/ACIO များနှင့် e-Government လုပ်ငန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အဆင့်မြင့် အရာထမ်းများ၏ စွမ်းရည်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ပထမသင်တန်းဖြစ်သော IT Service Management သင်တန်းမှာ IT Service Management ၏ Process များကို အသုံးပြုမှီငြမ်းပြီး နည်းပညာနဲ့ပတ်သတ်​တဲ့ စီမံကိန်းများ၊ Operations များကို ဒီဇိုင်း​ရေးဆွဲ၍ လိုအပ်ချက်များကိုက်ညီပြီး ဆုံးရှုံးနိုင်စွမ်း အနည်းဆုံးဖြင့် အ​ကောင်အထည်​ဖော်​ဆောင်နိုင်ရန်၊ ISO 20000, ITIL , COBIT စသည့် နိုင်ငံတကာတွင်အသုံးပြု​နေတဲ့ IT Governance / IT Service Management Framework များ၏ အဓိကအ​ရေးပါသည့် Process များအကြောင်း၊ IT Service Management ၏ Best Practices များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်မှာ People, Process, Technology, Partner နှင့် ပတ်သတ်​တဲ့ Process/ Procedure များကို ​ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်သွားနိုင်ရန် ရည်ရွှယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

   ဒုတိယသင်တန်းဖြစ်သော Information security သင်တန်းသည် သတင်းအချက်အလက် လုံခြုံရေး ဆိုင်ရာကျင့်ဝတ်များ၊ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများသိရှိရန်နှင့် သတင်း အချက်အလက်စီးဆင်းမှုအား ထိရောက်စွာ စီမံကွပ်ကဲနိုင်ရန်နှင့် မှန်ကန်စွာ စီမံထိန်းညှိနိုင်ရန်၊ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ နည်းပညာများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများသိရှိနားလည်ပြီး သတင်းအချက်အလက် လုံခြုံရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွှယ်ပြီး ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   IT Service Management နှင့် Information Security သင်တန်းများသည် သင်တန်းကာလအနေဖြင့် (၈-၁-၂၀၂၄) မှ (၁၀-၁-၂၀၂၄) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။