Computer Repair and Maintenance နှင့် Microsoft Office Word 2019 သင်တန်း

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Computer Repair and Maintenance နှင့် Microsoft Office Word 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မေလ (၂၉) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   ပထမသင်တန်းဖြစ်သည့် Computer Repair and Maintenance သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

   ဒုတိယသင်တန်းဖြစ်သည့် Microsoft Office Word 2019 (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကို e-Training Platform ကို အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   ရှေးဦးစွာ သင်တန်းကျောင်း၊ ကျောင်းအုပ်က ယနေ့ဖွင့်လှစ်သည့် Computer Repair and Maintenance သင်တန်းသည် ကွန်ပျူတာ Hardware ပြုပြင်ထိန်းသိမ်းနည်း၊ ကွန်ပျုတာအခြေခံ အသုံးပြုနည်း၊ Windows Installation ပြုလုပ်နည်း တို့ကို စာတွေ့ လက်တွေ့ သိရှိနားလည်နိုင်သည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး Microsoft Office Word 2019 (Online) သင်တန်းသည် ကွန်ပျူတာအခြေခံအသုံးပြုနည်းများကို သိရှိစေပြီး Myanmar Unicode အသုံးပြု၍ English/Myanmar နှစ်မျိုးစလုံးဖြင့် ရုံးစာစနစ်တကျ ရေးသားနည်း၊ စာစီစာရိုက်ပြုလုပ်နည်း၊ လက်ကမ်းစာစောင်နှင့် စာအုပ်တည်ဆောက်နည်း၊ ဇယား၊ ပုံ၊ ဂရပ်ဖ် အစရှိသော Microsoft Office Word ၏ Functions နှင့် Features ထည့်သွင်း အသုံးပြုနည်း များကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Computer Repair and Maintenance သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်ပို့ချမည့် သင်တန်းဖြစ်ပြီး Microsoft Office Word 2019 (Online) သင်တန်းသည် ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချမည့် သင်တန်းဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။