အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်‌တောဝန်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်

 

ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေး (21st ASEAN Economic Community Council Meeting ) အစီအစဉ်အရ နိုဝင်ဘာလ (၉) ရက်၊ ယနေ့ မွန်းလွဲပိုင်းတွင် Virtual Format ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်‌တောဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပါဝင်တက်ရောက်ပါသည်။

အစည်းအဝေး ကျင်းပရာတွင် ဦးစွာ အစည်းအဝေး သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အာဆီယံ ကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းလမ်းညွှန် ချမှတ်ရေးများကို အသီးသီး ဆွေးနွေးပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နှစ်ရှည်အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း (National Transport Master Plan) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီစေရန် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှု၊  အဆိုပါ မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးစီမံချက် (National Implementation Plan) ကိုရေးဆွဲပြီး ပို့ဆောင်ရေးနည်းလမ်း အသီးသီးတွင် ကာဗွန်လျှော့ချရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပါသည်။

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် မော်တော်ယာဉ်အဟောင်းများမှ ထုတ်လွှတ်သော ကာဗွန်ဓါတ်ငွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အတွက် “မှတ်ပုံတင်သက်တမ်းကြာမြင့် ယာဉ်များ ဖျက်သိမ်းရေးနှင့် အစားထိုးယာဉ် တင်သွင်းရေး စီမံချက်” ကို ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလတွင် လျှပ်စစ်သုံးယာဉ်များ (Electric Vehicle) နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ် အသုံးပြု ပြေးဆွဲရန် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ဆောင်ရွက်မှု၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကမ်းရိုးတန်းသွား ရေယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အစိမ်းရောင် သင်္ဘောမဟာဗျူဟာ (Green Ship Strategy) နှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များ၏ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဆောင်ရွက်နေမှု၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ကွန်ဗင်းရှင်းပါ စံညွှန်းများနှင့်အညီ ကာဗွန်လျှော့ချရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက်နေမှုများနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်မှု အတွေ့အကြုံအရ အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မဟာဗျူဟာရေးဆွဲချမှတ်ရန် လိုအပ်မှု၊ မဟာဗျူဟာရေးဆွဲရေးအပေါ် ကဏ္ဍအလိုက် တာဝန်ပေးအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊  ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု အချက်အလက်များ စုဆောင်း အကဲဖြတ်မှုများတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီးက အကြံပြုဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးသည် အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်း လမ်းညွှန်ချမှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စွမ်းအင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန