အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ (Universal Service Strategy ) Draft အပေါ် အကြံပြုဆွေးနွေးပွဲ ကျင်းပခြင်း

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၅၄ အရ အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်    Universal Service Strategy တစ်ရပ် ချမှတ်နိုင်ရေးအတွက် ပြုစုထားရှိသည့် မူကြမ်းအပေါ် အကြံပြု ဆွေးနွေးပွဲအား ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင်  ရန်ကုန်မြို့ ဆက်သွယ်ရေး သင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

Universal Service Strategy မူကြမ်းကို နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၊ ဆက်သွယ်ရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေ နည်းဥပဒေများ၊ အိုင်တီယူ၊ ကမ္ဘာ့ဘဏ် အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ အကောင်းဆုံး အတွေ့အကြုံများ၊ ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသော နိုင်ငံတကာ အကြံပေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Intelcom ၏ အကြံပြုချက်များအပေါ် အခြေခံ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြုစု ရေးဆွဲထားခြင်း ဖြစ်ပါသည်။

Universal Service Strategy မူကြမ်းတွင် Universal Service Fund အား ပထမအဆင့် အနေဖြင့် လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများ၏ ထည့်ဝင်ငွေဖြင့် ထူထောင်သွားရန်နှင့် အဆိုပါ ရန်ပုံငွေဖြင့် ဆက်သွယ်ရေး အော်ပရေတာများမှ စီးပွားဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ဒေသများနှင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသများတွင် အခြေခံ ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိစေရေး အပါအဝင် အခြား အခြေခံ ဆက်သွယ်ရေးဆိုင်ရာ အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရေးဆွဲထားရှိပါသည်။

ပြည်သူလူထု၏ အခြေခံ ဆက်သွယ်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစီအစဉ် (၃) ခု ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအစီအစဉ်များ အနေဖြင့် အစီအစဉ်(၁) အခြေခံဖုန်း ခေါ်ဆိုမှုနှင့် မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ အစီအစဉ်(၂) ဒစ်ဂျစ်တယ် အနာဂတ်ကို အထောက်အကူ ဖြစ်စေရန်အတွက် မြန်နှုန်းမြင့် ဆက်သွယ်မှု စနစ်နှင့် သတင်းအချက်အလက်နှင့် နည်းပညာများ အသုံးချနိုင်ရေး သင်တန်းများ ပို့ချပေးခြင်း၊ အစီအစဉ်(၃) ဘာသာစကား မတူညီသည့် တိုင်းရင်းသား လူမျိုးစုများ၊ လူနည်းစုများ၊ ဝင်ငွေ နည်းပါးသူများ၊ မသန်စွမ်းသူများ စသည်တို့ အတွက် အထောက်အကူ ဖြစ်စေမည့် အထူးစီမံချက်များ ပါဝင်မည် ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် Universal Service Strategy မူကြမ်းနှင့် စပ်လျဉ်း၍  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အသေးစိတ် ရှင်းလင်း ဆွေးနွေး၍ တက်ရောက်လာသူများ၏ မေးမြန်းမှု များအား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအကြံပေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

အကြံပြု ဆွေးနွေးပွဲသို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အကြံပေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး အော်ပရေတာများ ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ စိတ်ပါဝင်စားသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန