ယာဉ်မောင်းသင်တန်းဆင်း လက်မှတ် တင်ပြခြင်း မပြုပါကလည်း ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပြုသည့် စနစ် ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ကြောင်း အသိပေးကြေညာခြင်း

 

 

ယာဉ်မောင်းသင်တန်းဆင်း လက်မှတ် တင်ပြခြင်း မပြုပါကလည်း ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပြုသည့် စနစ် ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ကြောင်း အသိပေး ကြေညာခြင်း

၁။      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ ဦးရေ များပြား လာသဖြင့် ပြည်သူများ အချိန်ကုန် လူပင်ပန်း သက်သာစေရန်အတွက် ယာဉ်မောင်း လိုင်စင်ဖြေဆိုလိုသည့် နေ့ရက်အား ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System) ကို (၁.၁၀.၂၀၁၇) မှ စတင် ပြောင်းလဲ ကျင့်သုံးလျက် ရှိပါသည်။

၂။      ထိုသို့ ‘ခ’ယာဉ်မောင်း လိုင်စင် ဖြေဆိုခွင့် လျှောက်ထားရာတွင် ယာဉ်မောင်း သင်တန်းဆင်း လက်မှတ် တင်ပြမှသာ လက်ခံခွင့်ပြုလျက် ရှိရာမှ ပြည်သူများ ပိုမို အဆင်ပြေ လွယ်ကူ ချောမွေ့စေရေး အတွက် သင်တန်းဆင်းလက်မှတ် မလိုအပ်ဘဲ ဖြေဆိုခွင့် ပြုခြင်းကို (၂၆.၂.၂၀၁၈) ရက်မှ စတင်၍ ဖြေလျှော့ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

၃။      သင်တန်းဆင်း လက်မှတ် မရှိသူများအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း(၁)ရက် တက်ရောက်ပြီးပါက ‘ခ’ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့် ပြုသွားမည်ဖြစ်ပါသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်းကို တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး၌ ရုံးဖွင့်ရက် တစ်ရက်လျှင် သင်တန်းသား (၄၀၀) ဦး အထိ အောက်ပါအတိုင်း လက်ခံ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ပါသည်-

          (က)    နံနက်ပိုင်း သင်တန်း   (၀၈:၃၀ မှ ၁၂:၃၀ ထိ)   -  ၂၀၀ ဦး

          (ခ)     ညနေပိုင်း သင်တန်း   (၁၂:၃၀ မှ ၁၆:၃၀ ထိ)   -  ၂၀၀ ဦး

၄။      ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းတက်ရောက်ရန်အတွက် တက်ရောက် လိုသည့် နေ့ရက်ကို Online စနစ်ဖြင့် ကြိုတင် စာရင်းပေးသွင်းရမည် ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်း ခြင်းအား www.rtad.gov.mm website တွင် (၁၈.၂.၂၀၁၈) ရက်မှ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို (၂၁.၂.၂၀၁၈) ရက်မှ စတင်၍ ဖွင့်လှစ် ပေးသွားပါမည်။

၅။      မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်း သင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူများ အတွက် အထက်အပိုဒ် (၃)၊ (၄)ပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းသို့ တက်ရောက်ရန် မလိုအပ်ဘဲ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသည့် ရက်အား www.rtad.gov.mm website တွင် ယခင်အတိုင်း တိုက်ရိုက် လျှောက်ထား ဖြေဆိုနိုင်ပါသည်။

၆။      ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများမှ ထုတ်ပေးသော ‘သ’၊ ‘က-၁’ နှင့် ‘က’ယာဉ်မောင်း လိုင်စင် မဟုတ်ဘဲ အခြား တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများမှ ထုတ်ပေးသည့် ‘သ’၊ ‘က-၁’နှင့်‘က’ယာဉ်မောင်းလိုင်စင် ကိုင်ဆောင် ထားသူများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီးမှသာ သင်တန်းတက်ရောက်ရန် Online Booking လျှောက်ထား နိုင်ပါမည်။

၇။      ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်း (၁) ရက် တက်ရောက်ပြီး နောက်တစ်နေ့မှ စ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသည့် နေ့ရက်အား ကြိုတင် စာရင်းသွင်းခြင်း (Online Booking) အား ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး သင်တန်း တက်ရောက်ရန် Online Booking ကို အနည်းဆုံး (၃)ရက်မှ အများဆုံး (၃၀) ရက် အထိ ကြိုတင် ရယူနိုင်ပြီး Online အသုံးပြုရန် အသေးစိတ် အချက်အလက် များအား www.motc.gov.mmwww.myanmarrtad.comwww.rtad.gov.mm Website များနှင့် Ministry of Transport and Communications, Myanmar Facebook Page တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။ မရှင်းလင်းသည်များ ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန် အတွင်း ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်-

  • ရုံးချုပ် (နေပြည်တော်)        - ၀၆၇-၃၄၀၅၁၈၁၊ ၀၆၇-၃၄၀၅၃၅၉ ၊ ၀၆၇-၃၄၀၅၀၉၉
  • တိုင်းဒေသကြီး (ရန်ကုန်)     - ၀၁-၅၇၀၉၆၇

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း Online Booking ရယူ ဆောင်ရွက်ပုံ လုပ်ငန်းစဉ်များ