မြန်မာ-နယ်သာလန် လေကြောင်း သဘောတူစာချုပ် ဒုတိယဝန်ကြီး လက်မှတ်ရေးထိုး

မြန်မာနှင့် နယ်သာလန်နိုင်ငံ တို့အကြား နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr.Hartogh နှင့် သံအရာရှိများ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် အရာထမ်းများ၊ မြန်မာ အမျိုးသား လေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ရွှေမြန်မာလေကြောင်းနှင့် Royal Dutch KLM လေကြောင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးတို့က နှစ်နိုင်ငံလေကြောင်းပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာများကို ဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီးတို့က နှစ်နိုင်ငံ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ လေကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆို ကြသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါသဘောတူစာချုပ်အရ မြန်မာနှင့် နယ်သာလန်နိုင်ငံတို့မှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား ခရီးစဉ်များတွင် တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။