ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ရန်ကုန်မြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

 ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မေလ (၃ဝ) ရက်နေ့တွင်  ရန်ကုန်တိုင်း ဒေသကြီး၊  လှိုင်မြို့နယ်ရှိ  MICT Parks တွင် ရန်ကုန်မြို့ရှိ  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရာထမ်း၊ အမှုထမ်း များအား တွေ့ဆုံ အမှာစကား ပြောကြားပါသည်။

              ထိုသို့ပြောကြားရာတွင် မိမိတို့၏ ဌာနသည် ပြည်သူလူထုအား ဝန်ဆောင်မှု ပေးသော ဌာန ဖြစ်သည့် အတွက် ဝန်ထမ်းတိုင်း မိမိတို့တာဝန်ယူ လုပ်ဆောင်ရသည့် ကဏ္ဍအလိုက် တစ်ဦးချင်း မခိုမကပ်ဘဲ လုပ်ငန်းတိုင်းအား မြန်ဆန် ချောမွေ့ စွာ ဆောင်ရွက် သွားမှသာ ပိုမိုကောင်းမွန်သော ဆက်သွယ်မှုစနစ် အား ပြည်သူလူထုမှ ရရှိသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု အားကိုးယုံကြည်ရသော ဌာနဖြစ်အောင် မိမိတစ်ဦးချင်းစီ၏ စိတ်ဓါတ်စွမ်းရည်၊ အသိပညာ၊ အတတ်ပညာ စွမ်းရည်များဖြင့် မြှင့်တင် ဆောင်ရွက် သွားကြရန်နှင့် လုပ်ငန်းတိုင်းအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက် လုပ်ကိုင် သွားကြရန် လိုအပ် ပါကြောင်း၊ တိုးတက် ပြောင်းလဲလာသော နည်းပညာ များအား တတ်သိ နားလည်အောင် လေ့လာ လိုက်စား၍ ခေတ်နှင့်အညီ ပြောင်းလဲ လုပ်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိ၏ ဌာနတိုးတက် ကောင်းမွန်ရန်အတွက် ဝန်ထမ်းတိုင်း ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲမထားဘဲ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြမှသာလျှင် လုပ်ငန်းတိုင်း အောင်မြင် လာမည် ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

              ဆက်လက်၍ တက်ရောက်လာသည့် ဝန်ထမ်းများမှ မိမိတို့ဌာနအလိုက် လိုအပ်ချက်အသီးသီး အား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။ တွေ့ဆုံပွဲသို့ အရာထမ်း (၉၉)ဦး၊ အမှုထမ်း (၄၁၆) ဦး၊ စုစုပေါင်း (၅၁၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။