ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်းရှိ ရထားလမ်း၊ တံတားများ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထားဝယ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်ဘူတာမှ RBE ရထားဖြင့် ဇွန်လ (၄) ရက်နေ့တွင် မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းကို စစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပငဘူတာနှင့် ကရုပ္ပိဘူတာကြား မိုင်တိုင်အမှတ်(၂၂၁)ရှိ တံတားအမှတ်(၁၀၆)အား လည်းကောင်း၊ ကရုပ္ပိဘူတာနှင့် ထင်းရူးဘူတာကြား မိုင်တိုင်အမှတ် (၂၂၃)ရှိ တံတားအမှတ် (၁၂၀) အား လည်းကောင်း၊ နှစ်ကရင်ဘူတာနှင့် လမိုင်းဘူတာကြားရှိ မိုင်တိုင် (၂၄၇)ရှိ တံတားအမှတ် (၁၅၇) အားလည်းကောင်း၊ တောင်ဘုံဘူတာနှင့် ပလိုင်ကီဘူတာကြား မိုင်တိုင်အမှတ် (၂၅၆)ရှိ တံတားအမှတ် (၁၇၃) အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး၊ တံတားများ၏ ကြံ့ခိုင်မှုအား အမြဲမပြတ် စစ်ဆေး ပြုပြင်နေရန် လိုအပ်ကြောင်း၊ သို့မှသာ ခရီးသွား လုပ်သားပြည်သူများ အန္တရာယ်ကင်းရှင်းမှာ ဖြစ်ကြောင်း၊ တံတားအောက်ခြေများ ကြံ့ခိုင်မှု အခြေအနေ၊ သံဘောင်တံတားများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေစီးရေလာ ကောင်းမွန်ရေးတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကြည်လှိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ (၅) ရက်နေ့တွင် ထားဝယ်မြို့ရှိ မြန်မာ့မီးရထား အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများသည် မိမိတို့လုပ်ငန်းများနှင့်ပတ်သက်၍ အမြဲတမ်းစနစ်တကျရှိနေစေရန်၊ အမြဲတမ်းအစစ်ဆေးခံနိုင်ရန် ကြိုးစားရမှာ ဖြစ်ကြောင်း၊ ယာဉ်များအား လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးပြီး မှတ်တမ်းများ ထားရှိရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ဆက်ဆံရေးကောင်းမွန်ရန်၊ ပြည်သူ့ အကျိုးကို ဆောင်ရွက်သော၊ ချမ်းသာမှုကို စွန့်လွှတ်နိုင်သော၊ ပြည်သူလူထု အားကိုးထိုက်သော၊ ဝန်ထမ်းများဖြစ်လာစေရန် အပင်ပန်းခံခြင်း၊ စွန့်လွှတ် အနစ်နာခံခြင်း၊ တာဝန်ကျေပွန်ခြင်းတို့ကို ဂုဏ်ယူတတ်စေရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်လေဆိပ်သို့ ရောက်ရှိ ပြီး လေဆိပ်တာဝန်ရှိသူများက ခရီးသည်ရရှိမှုအခြေအနေ၊ လေယာဉ်ပြေးလမ်း နှင့် လေဆိပ်တိုးချဲ့တည်ဆောက်မည့် အခြေအနေများနှင့် ဝန်ထမ်းအင်အား အခြေအနေ တို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ထားဝယ်လေယာဉ်ကွင်းပြေး လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့ ကမ်းနားလမ်းတွင် ကမ်းပြိုကာကွယ်ရေးအတွက် တည်ဆောက်လျှက်ရှိသော ဘိုးပိုင်အခြေပြု အလျား (၃၀၀) ပေ ကျောက်စီနံရံ တည်ဆောက်နေမှုအား လည်းကောင်း၊ ထားဝယ်မြို့ ကမ်းနားလမ်းတလျှောက် မြစ်ကမ်းပါး ကြံ့ခိုင်မှု အခြေအနေ အားလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။