ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဒလသင်္ဘောကျင်းနှင့် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ်လ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဒလသင်္ဘောကျင်း၊ အင်ဂျင်နီယာမှူးကြီးရုံး အစည်းအဝေးခန်းမတွင် ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးကမှာကြားရာ၌ ပြည်သူ့ပို့ဆောင်ရေးစနစ်ဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးတွင် အဓိကကျသော သင်္ဘောများ လုံခြုံချောမွေ့စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်ပြေးဆွဲနိုင်ရေးနှင့် သင်္ဘောများကြံ့ခိုင် ကောင်းမွန်မှုရှိအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းများလျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ပိုင် ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာငွေများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များနှင့်အညီ ဂရုပြု ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသို့သွားရောက်ခဲ့ပြီး သင်္ဘောကျင်း ဒုတိယအင်ဂျင်နီယာမှူးကြီးက ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း၏ ဌာနပိုင်ရေယာဉ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ပုဂ္ဂလိကရေယာဉ်များ ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မီးဘေးလုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန်၊ ၎င်းတို့၏ သက်သာချောင်ချိရေးကိစ္စများ၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဌာနအလိုက် ရုံး၊ အဆောက်အဦ၊ ပစ္စည်းနှင့် ဝန်ထမ်းလုံခြုံရေးတို့ကို အထူးသတိပြုဆောင်ရွက်ရန်၊ လုပ်ငန်းခွင်နှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စာရွက်စာတမ်းနှင့် သတင်းလုံခြုံရေး၊ ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစား မဖြစ်စေရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရှိစေရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန