ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း APT Young Professional and Students Programme (APTYPS) 2022 “IoT Smart Challenge for Agri-Tech Sector” ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ( ၅ ) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ Asia-Pacific Telecommunity (APT) ၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကျင်းပခဲ့သည့် APT Young Professional and Students Programme (APTYPS) 2022 “IoT Smart Challenge for Agri-Tech Sector” ပြိုင်ပွဲ တွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေ၊ MICT Park တွင် Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် “အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံရှိသည့် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (APT) သို့ မြန်မာနိုင်ငံသည် ၁၉၇၉ ခုနှစ်မှ စတင်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို APT ၏ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင် ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိုင်စီတီနှင့်စပ်လျဉ်းသည့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ တွင် ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် APT ညီလာခံများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများသို့လည်း ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း အိုင်စီတီ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ ယနေ့ ဒီဂျစ်တယ်ခေတ်မှာ မြန်မာနိုင်ငံအတွင်းနေထိုင်နေကြသည့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် အိုင်စီတီနည်းပညာများကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အင်မတန်အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း၊ အိုင်စီတီနည်းပညာနှင့် ဒီဂျစ်တယ်နည်းပညာများ ကို ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်လျှင် တန်ဖိုးဖြတ်မရသည့် အကျိုးရလဒ်များ ရရှိနိုင်သလို၊ မှန်ကန်စွာ အသုံးမပြုနိုင်လျှင်လည်း ကြီးမားသည့် ဆိုးကျိုးများအား ရရှိစေမည်ကို မိမိတို့၏ လူငယ်များ သတိပြုမိနိုင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များ အိုင်စီတီနည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုအပ်သည့် ပညာပေးအစီအစဉ်များ၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာ ဖလှယ်ရေး အစီအစဉ်များအား အလျဉ်းသင့်သလို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ၊ ယခုနှစ် ယှဉ်ပြိုင်ခဲ့သည့်ခေါင်းစဉ်မှာ “IoT Smart Challenge for Agri-Tech Sector” ခေါင်းစဉ် ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ICT နည်းပညာအသုံးချနိုင်ရေး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တဖက်တလမ်းမှ အကျိုး ပြုနိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနည်းပညာသစ်များ ပေါ်ထွန်းလာစေပြီး နိုင်ငံတော် ၏ စိုက်ပျိုးရေးကဏ္ဍကို အိုင်စီတီနည်းပညာဖြင့် မောင်းနှင်နိုင်ရေး ရည်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လာနိုင်မည်ကိုလည်း မျှော်မှန်းပါကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (APT) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Masanori Kondo က အွန်လိုင်းဖြင့် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပါသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ ၊ ပြိုင်ပွဲကျင်းပခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ၊ ဦးမင်းဇေယျာလှိုင်က အမှာစကား ပြောကြားပါသည်။

ထို့နောက် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲတွင် အသက် ၁၇ နှစ်မှ ၂၀ နှစ်အထိ ကျောင်းသားလူငယ်များပါဝင်ယှဉ်ပြိုင်ခဲ့သည့် Senior IoT Smart Challenge အဆင့်၌ ပထမဆုရရှိသူ Auston College Myanmar မှ A.I Cloud Greenhouse အဖွဲ့၊ ဒုတိယဆုရရှိသူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ Team SFT အဖွဲ့နှင့် တတိယဆုရရှိသူ မုံရွာနည်းပညာတက္ကသိုလ်မှ Team Brewers အဖွဲ့တို့ကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Junior IoT Smart Challenge အဆင့်၌ ပထမဆုရရှိသူ ကြယ်စင်သွန်း ကွန်ပျူတာစင်တာမှ Twin Star အဖွဲ့၊ ဒုတိယဆုရရှိသူ Institute of International Professionalism မှ AUTOBOT အဖွဲ့ နှင့် တတိယဆုရရှိသူ ကြယ်စင်သွန်း ကွန်ပျူတာစင်တာမှ Starlight အဖွဲ့တို့ကိုလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ APT မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်း အသီးသီးမှ ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ ကွန်ပျူတာတက္ကသိုလ် များ နှင့် နည်းပညာတက္ကသိုလ်များမှ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ နှင့် လူငယ်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲကို ကျောင်းသူ/ကျောင်းသားများ၏ ICT ဆိုင်ရာ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဖွဲ့အစည်းအတွင်း အချင်းချင်း ပူးပေါင်းလုပ်ဆောင် တတ်လာစေရန်၊ သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးလာစေရန်နှင့် နည်းပညာတီထွင်ဆန်းသစ်မှုများ တိုးတက်လာစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် APT Young Professionals and students Programme ကို APT ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်တွင် “University Robotic Challenge”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် “Innovative Robot” ခေါင်းစဉ်ဖြင့်လည်းကောင်းပြုလုပ်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် “IoT Smart Challenge for Agri-Tech Sector” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။