နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

 

မန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာခဲ့ပါသည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်နှင့် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် ၄ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ လွိုင်လင်မြို့တွင် ၂.၈ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့နှင့် ဟဲဟိုးမြို့ တို့တွင် ၃.၄ ဒီဂရီဆဲလ်စီးယပ်စီ၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၃.၆ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၅.၀ ဒီဂရီဆဲလ်စီးယပ်၊ ဟားခါးမြို့ တွင် ၅.၄ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့တွင် ၅.၉ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၇.၆ ဒီဂရီဆဲလ်စီးယပ်၊ မင်းကင်းမြို့တွင် ၈.၀ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၈.၁ ဒီဂရီဆဲလ်စီးယပ်နှင့် လားရှိုးမြို့တွင် ၈.၄ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်မှာ မချမ်းဘောမြို့ တွင် ၀.၀၄ လက်မ ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                    တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                   အများအားဖြင့် သာယာမည်။