ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့အား ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် မြန်မာ့မီးရထား၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ လူစီးတွဲ နှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)  စက်ရုံခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံ အထွေထွေမန်နေဂျာတို့က စက်ရုံ၏နောက်ခံသမိုင်း၊ စက်ခေါင်းများမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ၊ နှစ်စဉ်လျာထားချက်နှင့် စွမ်းဆောင်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ကျွမ်းကျင်မှု ပိုမိုမြင့်မားလာရေး၊ စွမ်းဆောင်မှု စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံရှိ စက်မှုသင်တန်းကျောင်း၏ သင်တန်းပို့ချ လေ့ကျင့်ပေးမှုနည်းစနစ်၊ သင်တန်းဆိုင်ရာ စာအုပ်စာတမ်းများ၊ သင်ကြားလေ့ကျင့်ရေးတွင် အသုံးပြုနေသည့် စက်ကိရိယာပစ္စည်းများနှင့် သင်ကြားလေ့ကျင့်သည့် သင်တန်းခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း၌ဝန်ထမ်းများက စက်ခေါင်းများ အကြီးတန်းမွမ်းမံပြင်ဆင်ရေး လုပ်ငန်းစဉ်အတိုင်း အင်ဂျင်ပိုင်းဆိုင်ရာ၊ ကိုယ်ထည်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာဘီးဘိုဂီဆိုင်ရာ အစိတ်အပိုင်းများအား မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် စက်ခေါင်းအတွက် လိုအပ်သည့် အရန်ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းခွင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် ရွာထောင်ရှိ မြန်မာ့မီးရထား၏ (၂၅)ကုတင် ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသမှု အခြေအနေများအား စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။ ဆက်လက်ပြီး ရွာထောင်ဘူတာသို့ ရောက်ရှိ၍ ဘူတာယာဒ်ဝင်း သန့်ရှင်းသပ်ရပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွာထောင်ရှိ မြန်မာ့မီးရထား ဘိုးဘွားရိပ်သာသို့ ရောက်ရှိလာပြီး အစောင့်ရှောက်ခံ အဘိုးအဘွားများအား ရင်းနှီးစွာနှုတ်ဆက်ကာ  အလှူငွေများ ပေးအပ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လိုက်ပါလျက် အမရပူရမြို့နယ်ရှိ မြန်မာ့မီးရထား၏ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)စက်ရုံသို့ ရောက်ရှိလာရာ ရှင်းလင်းဆောင်တွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက (၁၈.၅.၂၀၂၁)ရက်နေ့က ဤစက်ရုံသို့ နိုင်ငံတော်အကြီးအကဲ လာရောက်ခဲ့သည့်ခရီးစဉ်၌ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စက်ရုံအထွေထွေမန်နေဂျာက စက်ရုံ၏ နောက်ခံသမိုင်း၊ စက်ရုံ၏လုပ်ငန်းတာဝန်များ၊ လူစီးတွဲနှင့်ကုန်တွဲများ အကြီးတန်းပြင်ဆင်မှု အခြေအနေများ၊ လူစီးတွဲနှင့်ကုန်တွဲများ အသစ်တပ်ဆင် တည်ဆောက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လူစီးတွဲနှင့် ကုန်တွဲအသစ်များ တပ်ဆင်ထုတ်လုပ်သည့် နည်းစနစ်နှင့် လုပ်ငန်းစဉ်များ၊ တပ်ဆင်ထုတ်လုပ်ထားပြီးဖြစ်သည့် လူစီးတွဲသစ်များ၊ ကွန်တိန်နာ တင်ကုန်တွဲများ၊  လေအိတ်ဘိုဂီများ တည်ဆောက်ထားမှု အခြေအနေများနှင့် အသုံးပြုလျက်ရှိသည့် လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်း မွမ်းမံပြင်ဆင်ခြင်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ငယ်ရှိ မြန်မာ့မီးရထား၏ ကုတင်(၅၀)ဆန့် ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေသော ဝန်ထမ်းမိသားစုလူနာများကို အားပေးကာ စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန