တတိယအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံပို့ဆောင်ရေး ဒုတိယဝန်ကြီးများ အဆင့် အစည်းအဝေး ကျင်းပ

တတိယအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံပို့ဆောင်ရေး ဒုတိယဝန်ကြီးများ အဆင့် အစည်းအဝေးကို ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ နေပြည်တော်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာ၌ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၊ လေဆိပ် ဘေးကင်းလုံခြုံရေး၊ ရထားပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု အဆင့်မြှင့်တင်ရေး စီမံကိန်းများကို ဂျပန်နိုင်ငံအထောက်အပံ့ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်- ဒလ ကူးတို့ရေယာဉ် (၃)စီး၊ ဒလဆိပ်ခံတံတား (၁) စင်းတို့ကို ထောက်ပံ့ ကူညီခဲ့ ကြောင်း၊ လက်ရှိတွင် လေကြောင်းလမ်းညွှန်စနစ် ကောင်းမွန်ရေး၊ မိုးလေဝသရေဒါတင်ဆင်ရေး၊ Port EDI စနစ် အကောင်အထည်ဖော်ရေး၊ သီလဝါ ဆိပ်ကမ်းဖွံ့ဖြိုးရေး၊ ရန်ကုန်-မန္တလေးရထားလမ်းနှင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတို့ကို ဂျပန်နိုင်ငံ အထောက် အပံ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့ အစည်းများ ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသလို ကျေးလက်/ မြို့ပြပို့ဆောင်ရေး ကွန်ယက်ကောင်းမွန်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး ကို ဆောင်ရွက်ရန်ရှိကြောင်း၊ ယာဉ်ကြောကြပ်တည်းမှုနဲ့ ယာဉ် အန္တရာယ် လျော့နည်းစေရေးအတွက် ရန်ကုန်မြို့ပြပို့ဆောင်ရေး စီမံကိန်းကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ပို့ဆောင်ရေး နည်းလမ်းတစ်ခုချင်းစီအတွက် ပင်မစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ခေတ်မီပြီး အရည်အသွေးပြည့်ဝသော သယ်ယူ ပို့ဆောင်ရေးစနစ် တစ်ရပ်ထူထောင်ရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံ၏ အကူအညီများသည် များစွာထိရောက်ပြီး အကျိုးရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MLIT)၊ Mr. Toshiya MORISHIGE တို့မှ အမှာစကား ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အတွက် ရေယာဉ်များ ဖြည့်တင်းရေး၊ မြစ်ရေလမ်းကြောင်းများ ကောင်းမွန်ရေးနှင့် မြစ်ဆိပ်ကမ်းများအဆင့်မြှင့်တင် တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးရေး၊ ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေးနှင့် လေဆိပ်သို့ ရထားလမ်း ကွန်ယက်ဆက်သွယ်နိုင်ရန် ဖြစ်မြောက် နိုင်စွမ်းလေ့ လာမှု ဆောင်ရွက်နိုင်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ အများပြည်သူခရီးသည် ပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးလာစေရေး၊ မော်တော်ယာဉ်စစ်ဆေးမှုစနစ် များ ကောင်းမွန်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ ဝန်ကြီးဌာနများအကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။