ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

မြန်မာ့စာတိုက်လုပ်ငန်း

မြန်မာ့စာတိုက်လုပ်ငန်း၏ နောက်ခံသမိုင်းအကျဉ်း

 

မြန်မာနိုင်ငံသည် ၁၉၃၇ ခုနှစ်တွင် အိန္ဒိယနှင့် ခွဲထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ သီးခြား စာတိုက်နှင့်ကြေးနန်း ညွှန်ကြားရေးဝန်ချုပ်ရုံး ကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၄၇ ခုနှစ်မှစ၍ စာတိုက်နှင့်ကြေးနန်းကိုခွဲ၍ စာတိုက်ဌာန နှင့် ကြေးနန်းဌာန ဟူ၍ ဌာန(၂)ခုအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက် ( ၂၅ - ၁ - ၁၉၆၀ ) ရက်နေ့တွင် စာတိုက်နှင့်ကြေးနန်းဌာနကို ပြန်လည်ပူးပေါင်းပြီး စာတိုက်နှင့် ကြေးနန်းဌာန ဟူ၍ ခေါ်ဝေါ်ဖွဲ့စည်းခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်တွင်၊ စာတိုက်နှင့်ကြေးနန်းဌာနကိုစီးပွားရေးဆန်ဆန် ဆောင်ရွက်စေရန်အတွက် ဆက်သွယ်ရေးကော်ပိုရေးရှင်း အဖြစ် (၁၅-၃-၁၉၇၂) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၈၂ ခုနှစ် ဧပြီလ(၁) ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖွဲ့စည်းပုံ ကို အရာထမ်း (၃၈၇) ဦးနှင့် အမှုထမ်း (၁၃,၄၃၇) ဦး၊ စုစုပေါင်း (၁၃,၈၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် (၁-၄-၁၉၈၉) ရက်နေ့တွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဖြစ် တစ်ဖန်ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၉၂ ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန(၃) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ကို အောက်ပါအတိုင်းဖွဲ့ စည်းခဲ့ပါသည် -

 

ဦးစီးဌာနနှင့် စီးပွားရေးအဖွဲ့အစည်းများ

 

(၁) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(၂) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

(၃) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

 

၁၉၉၉ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအမှတ်စဉ် (၃၀/၉၉) တွင် ဆုံးဖြတ်ချက်အရ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အား ၁၉၉၉ ခုနှစ်၊ သြဂုတ်လ(၂၀) ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ထုတ်ပြန်သောအမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၁၂ ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဟူ၍ အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

စာတိုက်လုပ်ငန်းသမိုင်းကြောင်းနှင့်စတင်ဖြစ်ပေါ်မှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာတိုက်လုပ်ငန်း ကို သမိုင်းများအရ၊ စစ်တွေစာတိုက် ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို စတင်ခဲ့သည်ဟု သိရှိခဲ့ရပါသည်။

 

စစ်မဖြစ်မီကာလမှစစ်ပြီးကာလအထိ

မြန်မာမင်းများ လက်ထက်တွင် မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍ လည်းကောင်းပို့ဆောင်ရသည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီး ကိုလည်းကောင်းဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုသိမ်းယူပြီးနောက် စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှစ်ခုကိုပူးတွဲ၍ အုပ်ချုပ်ခဲ့ပါသည်။၁၈၈၅ ခုနှစ် မှ ၁၉၃၇ ခုနှစ်၊ မတ်လ၃၁ရက်နေ့အထိ မြန်မာနိုင်ငံစာတိုက်နှင့် ကြေးနန်းဌာန ကို အိန္ဒိယစာတိုက်နှင့် ကြေးနန်း လက်အောက်တွင် ထားရှိခဲ့ပါသည်။

 

စစ်ပြီးကာလမှ ၁၉၆၂ ခုနှစ် မတ်လအထိ

မြန်မာပြည်စစ်ပြေးအစိုးရသည် ဆင်းမလားစီမံကိန်းရေးဆွဲစဉ်ကပင် စာတိုက်နှင့်ကြေးနန်းဌာနကို ခွဲခြားပြီး ဌာနကြီးမှူးတစ်ဦးစီ၏ လက်အောက်တွင် ထားရှိရန် စီစဉ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါ ဌာနကြီးမှူး(၂)ဦးသည် အရည်အချင်းပြည့် မြန်မာဌာနအကြီးအကဲများဖြစ်ရမည်ဟု သတ်မှတ်ထားရှိကြောင်း သိရပါသည်။

ထိုသို့ စီစဉ်ထားရှိသည့်အတိုင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ စာတိုက်ဌာနကို စာတိုက်လုပ်ငန်းများ အုပ်ချုပ်ရေးအရာရှိလက်အောက်တွင်လည်းကောင်း၊ ကြေးနန်းဌာနကို ဆက်သွယ်ရေး ညွှန်ကြားရေးမှူး လက်အောက်တွင်လည်းကောင်း ထားရှိခဲ့ပါသည်။

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်နေ့မှစ၍ စာတိုက်မင်းကြီးရာထူးကို စာတိုက်ဌာနတွင်လည်းကောင်း၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းဌာနတွင်လည်းကောင်း တီထွင်ထားရှိခဲ့ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၄-၁-၁၉၄၈ ရက်နေ့မှစ၍ စာတိုက်မင်းကြီးကို စာတိုက် ညွှန်ကြားရေးဝန်၊ အင်ဂျင်နီယာချုပ်ကိုကြေးနန်းညွှန်ကြားရေးဝန်အဖြစ် ပြောင်းလဲ ခေါ်တွင် ခဲ့ပါသည်။

၄-၁၀-၁၉၄၉ ရက်နေ့တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ UPU (Universal Postal Union)အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။

၅-၅-၁၉၅၆ နေ့တွင် နိုင်ငံခြားစာပို့တိုက်ဌာနကိုစတင်တည်ထောင်ခဲ့ပါသည်။

၁၉၅၉ ခုနှစ်မှစ၍ ကျေးရွာအရောက် စာပို့ဆက်သွယ်ရေး၊ စာဆက်သွယ်ရေး မှန်မှန်နှင့် မြန်မြန်ရောက်ရှိရေး၊ တိုးတက်ဖွံ့ဖြိုးရေး စသည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်းသိရပါသည်။

၂၀-၁-၁၉၆၀ နေ့တွင် စာတိုက်နှင့်ကြေးနန်းဌာနတို့ကို ပြန်လည်ပေါင်းစည်းပြီး ညွှန်ကြားရေးမှူးချုပ်၏ လက်အောက်တွင် ထားရှိ အုပ်ချုပ်စေခဲ့ပါသည်။

စစ်မဖြစ်မီက မြန်မာပြည်အနှံအပြားတွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၂၅) ခုရှိခဲ့ရာ၊ ၁၉၅၉-၁၉၆၀ ခုနှစ်တွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၀၁) ခုထိရှိခဲ့ကြောင်းသိိရပါသည်။

 

၁၉၆၂ ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ

၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဆက်သွယ်ရေးလုပ်ငန်းများကိုစီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာစာတိုက်လုပ်ငန်းကိုလည်း ၄င်းအချိန်မှစ၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်ခဲ့ပါသည်။

စာတိုက် စုစုပေါင်း အရေအတွက်မှာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် (၆၈၆) ရုံး ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ မတ်လတွင် (၁၀၉၄) ရုံး သို့လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင် (၁,၁၁၃) ရုံး သို့လည်းကောင်း တိုးတက်ခဲ့ပါသည်။

 

၁၉၈၈ ခုနှစ်မှ ယနေ့အထိ

၁၉၈၈-၈၉ ခုနှစ်တွင် စာတိုက်စုစုပေါင်းအရေအတွက်မှာ (၁,၁၁၅) ရုံးရှိခဲ့ရာမှ ၂၀၁၇ခုနှစ်၊ ဇွန် (၃၀) ရက်နေ့တွင် လုပ်ငန်းပြည့် (၇၈၂) ရုံး၊ စာတိုက်ခွဲ (၂၀၈) ရုံး၊ ကျေးရွာကိုယ်စားလှယ် (၃၉၁) ရုံး၊ စုစုပေါင်း (၁,၃၈၁) ရုံး သို့ လည်းကောင်း တိုးတက်ခဲ့ပါသည်။

အမြန်ငွေပို့လွှာလုပ်ငန်း ကို ၁၉၈၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ပေါင်း (၄၁၀) မြို့သို့ ပေးပို့ဆောင်ရွက်လျက် ရှိပါသည်။

အမြန်ချောပို့လုပ်ငန်း ကို ၁၉၉၂ခုနှစ်၊ဧပြီလ ၁ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိနေပြည်တော်နှင့် မြို့ပေါင်း(၁၂၃)မြို့၊ ရန်ကုန်နှင့် မြို့ပေါင်း(၁၅၁)မြို့ နှင့် မန္တလေးနှင့် မြို့ပေါင်း(၁၀၀)မြို့ စုစုပေါင်း ပြည်တွင်းအမြန်ချောပို့ မြို့ပေါင်း (၁၅၅)မြို့ဖြင့် ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း (EMS International) ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ စင်္ကာပူနိုင်ငံနှင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာအမြန် စာပို့လုပ်ငန်း (EMS International)ကို Singapore Post ဖြင့် Mail Network ချိတ်ဆက်၍ နိုင်ငံပေါင်း (၁၀၂) နိုင်ငံ အထိ တိုးချဲ့၍ အပြန်အလှန် ပေးပို့ ဆောင်ရွက်လျက် ရှိပါသည်။

MYANMAR DHL LIMITED (အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း) ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံပေါင်း (၂၂၇) နိုင်ငံ သို့ ပြည်ပအမြန်ချောပို့လုပ်ငန်းများချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဝန်ကြီး၏လမ်းညွှန်ချက်အရ DEMS (Domestic Express Mail Service) ပြည်တွင်းအမြန်ချောခြေရာခံထောက်လှမ်းစနစ် Track & Trace System အား ပြည်တွင်းအမြန်ချောပို့လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြို့များနှင့် (၁.၄.၂၀၀၉) ရက်နေ့မှ စ၍ ဆောင်ရွက်လျက်ရှိပါသည်။

၁.၄.၂၀၁၀ ရက်နေ့မှစ၍ Postal Data Information System Project ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိစာတိုက်တစ်ခုချင်းစီ၏ အချက်အလက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Online မှတစ်ဆင့် နေ့စဉ်ချိတ်ဆက် တင်သွင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမန်နေဂျာများနှင့် ရုံးချုပ်တာဝန်ရှိသူများမှသုံးသပ် ကြီးကြပ်ကွပ်ကဲနိုင်မည် ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် (၂/ ၂၀၁၅) အရဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉/ ၂၀၁၅ ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းဖွဲ့စည်းပုံအသစ် အား ၁ - ၄ -၂၀၁၅ ရက်နေ့မှစ၍ အတည်ပြု ဖွဲ့စည်းခွင့် ရရှိခဲ့ပါသည်။