ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပုသိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်နေမှု အခြေအနေတို့ကို သွားရောက်စစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ မတ် ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၄.၃.၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပုသိမ်ကမ်းနားလမ်းတိုးချဲ့ခြင်း Bored pile အခြေပြု ကွန်ကရစ်ဆိပ်ခံတံတား အလျား ၂၀၀  ပေ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လေယာဉ်ပြေးလမ်းအား တစိတ်တပိုင်းပိတ်ပြီး လေယာဉ်ပျံသန်းမှု ထိခိုက်မှုမရှိစေရေးအတွက် ပြေးလမ်းတစိတ်တပိုင်းကိုဖွင့်၍ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ပြေးလမ်းနှင့်ပတ်သက်သည့် သတ်မှတ်အမှတ်အသားများ ထင်ရှားစွာရေးဆွဲထားရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး လျာထားသတ်မှတ်ထားသည့် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းလိုအပ်သည်များကို အချိန်မီတင်ပြကြရန်ဖြစ်ကြောင်း၊ လာရောက် စစ်ဆေးသည်မှာလည်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက်ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးအတွက် ပြင်ပပညာရှင်အဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှအဖွဲ့တို့ဖြင့် စစ်ဆေးပေးနေသည့်အတွက်  လုပ်ငန်းအရည်အသွေးများစွာ ကောင်းမွန်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်  ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်း Bored pile အခြေပြု ကွန်ကရစ်ဆိပ်ခံတံတား တည်ဆောက်နေမှုနှင့် ပတ်သက်၍ ပုသိမ်မြို့၏ ကျက်သရေဆောင် လူထုအပန်းဖြေစရာနေရာ ဖြစ်သည့်အတွက် ခိုင်ခံ့လှပမှုအတွက်သာမက မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆိုလာစနစ်ဖြင့် ရေရှည်ညအချိန် မီးလင်းရေး စဉ်းစားဆောင်ရွက်ထားသင့်ကြောင်း၊ လူထုအပန်းဖြေနေရာဖြစ်သည့်အတွက် လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများအားလုံးသည် နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် အဓိကပါဝင်ရသည့် စွမ်းအားစုများဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းကြရန်လိုကြောင်း၊ မိမိတို့ ဌာန/ အဖွဲ့အစည်းတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များအတိုင်း ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ရုံး အတွင်း/အပြင် သာမက ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် အပတ်စဉ် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာ မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဌာနအမည်ပေါက်ရရှိရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးစာများလုံခြုံရေး အဆင့်ဆင့်ကြီးကြပ်ရန်လိုကြောင်း၊ ဌာန/အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာငွေသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများသည် ဝန်ဆောင်မှုပေးရသော ဌာနများဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံကြရာတွင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အဂတိတရားကင်းရှင်းပြီး အလေးထား ဆက်ဆံရန်လိုကြောင်း၊ တိုင်းအဆင့် ဌာနအကြီးအကဲများအနေဖြင့် မိမိလက်အောက် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံ ဆန္ဒဖော်ထုတ်ခြင်းများ လစဉ်ဆောင်ရွက်ရန်လိုကြောင်း၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ  မီးဘေးနှင့် လုံခြုံရေးအန္တရာယ်များ အောက်ခြေအဆင့်အထိ သတိရှိစွာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဌာနအလိုက် တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ဝန်ထမ်းများအား ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန